၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုအစိုးအဖွဲ့အား နိုင်ငံတော်သမ္မတအပါအဝင် ၃၄ ဦးနှင့် ဖွဲ့စည်းလိုက်သလို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား နိုင်ငံတော်သမ္မတအပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌအဖြစ်မူ ဦးစိုးဝင်းက တာဝန်ယူသွားမည်ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၀ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က)နှင့် (ခ) တို့အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်ပြီး ဒုတိယသမ္မတ နှစ်ဦး၊ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးနှင့် အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်က တာဝန်ယူပြီး စုစုပေါင်း ၃၄ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ကြေညာချက်အမှတ် (၁/၂၀၂၆) ဖြင့် ယနေ့တွင် ကြေညာလိုက်သည်။
အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) တို့အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်အမှတ် (၂ / ၂၀၂၆) ဖြင့် ယနေ့တွင် ကြေညာလိုက်သည်။
အဆိုပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ(၁) ဦးညိုစော၊ ဒုတိယသမ္မတ(၂) ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ် စသည့်ပုဂ္ဂိုလ် ၁၁ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးဖြစ်သည်။
ထို့အတူ ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကို အကြံပေးခြင်း ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌအဖြစ် ဦးစိုးဝင်းနှင့် အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေးတို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မရုံး အမိန့်အမှတ် (၁/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
