၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုခြင်း အခမ်းအနားသို့ နိုင်ငံပေါင်း ၂၃ နိုင်ငံ၊ အဖွဲ့စည်း ၃ ခုတို့မှ ကိုယ်စားလှယ်ပေါင်း ၅၀ ဦးတက်ရောက်ခဲ့ကြောင်း ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အသိပေး ကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့က ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေး၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
အဆိုပါ အခမ်းအနားသို့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) အမျိုးသားကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူမားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ အာဆီယံနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံ အငြိမ်းစား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံအမတ်ကြီး ၁၆ ဦးနှင့် သံရုံးယာယီတာဝန်ခံ ၇ ဦး၊ အဖွဲ့အစည်း ၂ ခုနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၁ ခုတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ဦး တက်ရောက်ဂုဏ်ပြု အားပေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်က အသိပေးတင်ပြခဲ့ခြင်းဖြစ်သည်။
