သတိုး
၁၀. ၄. ၂၀၂၆
အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းအတွင်း တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင် အလေးထားပြီး ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ပြောကြားသည်။
ယနေ့ ဧပြီ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် နိုင်ငံတော်တာဝန်များ စတင်လွှဲပြောင်းတာဝန်ယူအခမ်းအနားနှင့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်ထွက်ခွာစဉ် သတင်းထောက်များက အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းအတွင်း ဦးစားပေးလုပ်ဆောင်မည့်အစီအစဉ်ကို မေးမြန်းချိန် ဦးမင်းအောင်လှိုင်က ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။
“တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိဖို့နဲ့ ဖွံ့ဖြိုးတိုးတက်အောင် အလေးထားပြီး ဆောင်ရွက်သွားမယ်။ ဒါကို ဦးစားပေး လုပ်ရမှာပေါ့။ အားလုံးခြုံကြည့်ရင် ဒီတစ်ချက်ပဲရှိပါတယ်။ တည်ငြိမ်ရေး၊ အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
အလားတူ အစိုးရသစ်အတွက် နယ်ပယ်ပေါင်းစုံမှ စိန်ခေါ်မှုများစွာ စောင့်ကြိုနေခြင်းကို ကောင်းစွာသိရှိပြီး အဆိုပါစိန်ခေါ်မှုများကို အစိုးရနှင့် ပြည်သူလူထု လက်တွဲညီညီ ပူးပေါင်းရင်ဆိုင် ကျော်လွှားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သလို ပြည်သူလူထုကို မည်သို့ အမှာစကားပြောကြားလိုပါသလဲဟု သတင်းထောက်များက မေးမြန်းမှုကိုလည်း” တိုင်းပြည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေကြဖို့နဲ့ အလုပ်လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။
