၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
အစိုးရသစ်အတွက် နယ်ပယ်ပေါင်းစုံတွင် စိန်ခေါ်မှုများစွာ စောင့်ကြိုနေခြင်းကို ကောင်းစွာသိရှိပြီး အဆိုပါစိန်ခေါ်မှုများကို အစိုးရနှင့် ပြည်သူလူထု လက်တွဲညီညီ ပူးပေါင်းရင်ဆိုင် ကျော်လွှားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့်၊ ဂုဏ်သိက္ခာရှိသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“လွှတ်တော်ကိုယ်စားလှယ်အသီးသီးဟာ မဲပေးပိုင်ခွင့်ရှိသူများရဲ့ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း လာရောက်မဲပေးရွေးချယ်ခံရသူများဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတစွာ သန့်သန့်ရှင်းရှင်းနဲ့ ရွေးချယ်ခံရသူများဖြစ်တဲ့အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍတွေမှာ အသီးသီးပြန်လည်ပေါ်ထွန်းလာခဲ့ပြီး ဒီမိုကရေစီစနစ်ကို ပြန်လည်စတင်နိုင်တော့မှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်အခြေချပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ ဦးတည်လျှောက်လှမ်းနေပြီဖြစ်သည့်အတွက် ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ တည်ဆောက်ရာတွင် အစိုးရသစ်အတွက် နယ်ပယ်ပေါင်းစုံမှ စိန်ခေါ်မှုများစောင့်ကြိုနေကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ကျွန်တော်တို့အစိုးရအသစ်အတွက် စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေတာကို ကောင်းစွာသိရှိထားပါတယ်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ အခက်အခဲတွေအပါအဝင် နယ်ပယ်ပေါင်းစုံက စိန်ခေါ်မှုတွေကို အစိုးရနှင့် ပြည်သူလူထုအတူ လက်တွဲညီညီ ပူးပေါင်းကာ ရင်ဆိုင်ကျော်လွှားသွားရမယ်လို့လည်း အဓိဋ္ဌာန်ချထားပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် အစိုးရအဖွဲ့အသစ်၏ ရည်မှန်းချက်၊ မူဝါဒများနှင့် သဘောထားများကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် မိဘပြည်သူများကို တင်ပြပြီး နိုင်ငံနှင့် ပြည်သူအကျိုးကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
