MT News
၁၀. ၄. ၂၀၂၆
နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးဖြစ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဧပြီ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ကတိသစ္စာပြု ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အာဏာသုံးရပ်ကိုပြန်အပ်ကာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၊ အစိုးရအဖွဲ့ကို ဖျက်သိမ်းကြောင်းလည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဖွဲ့စည်းခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းများကို ဆောင်ရွက်ပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ရွေးချယ်တင်မြှောက်ခြင်းနှင့် လွှတ်တော်၏သဘောတူညီချက်ရယူခြင်းများကို ဆောင်ရွက်ပြီးသည့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးသည့်အချိန်မှစ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာလိုက်သည်။
အထက်အပိုဒ် ၂ ပါအတိုင်း ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုပြီးသည့် အချိန်မှစ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီက ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့အား ဖျက်သိမ်းလိုက်သည်ဟုလည်း သိရှိရသည်။


