၁၀.၄.၂၀၂၆
Written by Linn Eain
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပနေပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကတိသစ္စာပြုမည်ဖြစ်ကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နေရာယူပြီးနာက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊ အစည်းအဝေး မတက်ရောက်နိုင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ ကတိသစ္စာပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးသို့ နိုင်ငံရေးပါတီမှ လေ့လာသူများ၊ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ အရာရှိများနှင့် သက်ဆိုင်ရာဝန်ထမ်းများလည်း လေ့လာ၊ တက်ရောက်ရန် လာရောက်လျက်ရှိကြောင်း သိရသည်။









