၁၀.၄.၂၀၂၆
Written By Thandar
အလိုတော်ပြည့်ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်း ဆရာတော် အသျှင်ကုမာရရဲ့ ဧပြီ ၉ ရက်မှာ ကျရောက်တဲ့ ဝိဇာတမွေးနေ့အလှူအဖြစ် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်ရှိ သံဃာတော်တွေ၊ ဆရာလေး မယ်သီလရှင်တွေ၊ မရှိနွမ်းပါး ဆိုက္ကားဆရာတွေကို အခြေခံစားကုန်တွေ လှူဒါန်းခဲ့ပါတယ်။
“ဦးဇင်းရဲ့မွေးနေ့ မွေးရက် မွေးလတစ်ထပ်တည်းကျတဲ့ ကုသိုလ်ဆက်မွေးနေ့ပါ။ တန်ခူးလပြည့်နေ့ပေါ့လေ ရဟန်းဖြစ်တဲ့နေ့ ရဟန်းခံတဲ့နေ့မှာ ဦးဇင်း ၆ ကြိမ်မြောက် ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသူ အကျဉ်းသား၊ အချုပ်သူ အချုပ်သားတွေကို လူအယောက် ၁၂၅၀၀ ကျော်စာ အာဟာရကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ဒီအလှူကလည်း အလိုတော်ပြည့်ဆရာတော်ဘုရားကို ဦးထိပ်ထားလှူတာပါ။ ကျောင်းမှာ သီတင်းသုံး သံဃာတော်တွေ၊ သီလရှင်ဆရာလေးတွေ၊ အနှေးယာဉ်ဆိုက္ကားဆရာတွေလည်း လှူဖြစ်တယ်။ ပြည်တွင်းပြည်ပကရော ပါဝင်လှူဒါန်းရလို့လည်း ပီတိဖြစ်ရပါတယ်”လို့ ဆရာတော်အသျှင်ကုမာရ မိန့်ကြားပါတယ်။
အဆိုပါ အခမ်းအနားမှာ ပြည်တွင်းပြည်ပ စေတနာရှင် အလှူရှင်တွေ၊ အဆိုတော်၊ သရုပ်ဆောင်တွေနဲ့အတူ တကယ်လိုအပ်နေတဲ့ သံဃာတော်တွေကို ဆွမ်းဆန်တော်၊ ဝတ္ထုငွေလှူဒါန်းခဲ့ပြီး သီလရှင် ဆရာလေးတွေ၊ ဆိုက္ကားဆရာတွေကို ဆန်၊ ဆီ၊ Royal D၊ ငါးသေတ္တာ၊ ကြက်ဥ၊ ဂေါ်ဖီထုပ်၊ ခေါက်ဆွဲခြောက်၊ ပန်းဂေါ်ဖီ၊ အာလူး၊ ဘူးသီး၊ ချဉ်ပေါင်ကြော်၊ ငပိကြော်၊ ဆပ်ပြာဆီဘူး၊ ဝတ္ထုငွေ စတာတွေကို ပေးအပ်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
ဆရာတော်အသျှင်ကုမာရက မွေးနေ့မတိုင်ခင် မွေးနေ့အကြိုအလှူအနေနဲ့ အင်းစိန်အကျဉ်းထောင်မှာလည်း ၆ ကြိမ်မြောက် အာဟာရဒါနအလှူအတန်းတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
#ဆရာတော်အသျှင်ကုမာရ #ဝိဇာတမွေးနေ့ #ဦးဇင်းဘီလူး #အလိုတော်ပြည့်ဆရာတော် #Ashinkumara #UZinBlue #AlodawPyei









