၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့က ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေး၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ယနေ့ ကျင်းပသည့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများ၏ ကတိသစ္စာပြုခြင်း အခမ်းအနားသို့ နိုင်ငံတကာမှ သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ဦးမင်းအောင်လှိုင်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်က ဒုတိယသမ္မတအဖြစ် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးကို လည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ကိုကိုးကျွန်းမဲဆန္ဒနယ်မှ ဦးညိုစောကိုလည်းကောင်း ဒုတိယသမ္မတ သုံးဦးကို ရွေးချယ်အတည်ပြု တင်ပြခဲ့ခြင်းဖြစ်သည်။
အထက်ပါ ဒုတိယသမ္မတ သုံးဦးအနက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် ဧပြီ ၃ ရက်တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ပြီး ဆန္ဒမဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထို့သို့ ဆန္ဒမဲပေးရွေးချယ်ရာတွင် ဆန္ဒမဲပေးသူဦးရေ ၅၈၄ ဦးရှိခဲ့ရာ ဦးမင်းအောင်လှိုင်အား ဆန္ဒမဲပေးသူဦးရေ ၄၂၉ မဲဖြင့် မဲအပြတ်အသတ် အသာစီးဖြင့် အနိုင်ရရှိခဲ့ပြီး ဦးညိုစောအား ဆန္ဒမဲပေးသူဦးရေ ၁၂၆ မဲနှင့် ဒေါ်နန်းနီနီအေးအား ဆန္ဒမဲပေးသူဦးရေ ၂၉ မဲ ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မဲအများဆုံးရရှိသူ ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။ ဒုတိယမဲအများဆုံးရရှိသူ ဦးညိုစောက ဒုတိယသမ္မတ (၁) နှင့် မဲအနည်းဆုံးရရှိသူ ဒေါ်နန်းနီနီအေးက ဒုတိယသမ္မတ (၂) အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အဆိုပါ မိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်သည်။






