နေမိုး
၁၀. ၄. ၂၀၂၆
“ဝ”လက်နက်ကိုင် UWSA ထိန်းချုပ်ဒေသမှာ လူ ၂၀၀ ခန့် သေဆုံးခဲ့ရတဲ့ ယမ်းစက်ရုံပေါက်ကွဲမှုအပြီး “ဝ” ဒေသအတွင်းက ဓာတုစက်ရုံတွေနဲ့ ဖောက်ခွဲရေး ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းအားလုံး ယာယီပိတ်သိမ်းမယ်လို့ UWSA က ကြေညာချက် ထုတ်ပါတယ်။
“ဝ”ဒေသ ပန်ဆန်းမြို့၊ ယောင်းပန်းရွာ (Yaong Pang) မှာ ဧပြီ ၇ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်အချိန်က ယမ်းသိုလှောင်စက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၇၀ အထက် သေခဲ့ရတဲ့ ယမ်းစက်ရုံပေါက်ကွဲမှုမှာ ပေါက်ကွဲတဲ့စက်ရုံဟာ “ဝ”ရဲ့ လက်နက်စက်ရုံလား၊ “ဝ”ဒေသအခြေပြုပြီး တရားဝင်ရော တရားမဝင်ပါထုတ်နေတဲ့ မြေရှားအပါအဝင် အခြားသတ္တုတွေထုတ်လုပ်တဲ့ ယမ်းဖောက်ခွဲရေးပစ္စည်းစက်ရုံလား ဝိဝါဒကွဲအောင် UWSA က ထုတ်ပြန်ဖြေရှင်းတာမရှိပေမဲ့ အခုအချိန်မှာတော့ ဒေသတွင်းယမ်းစက်ရုံအားလုံး ယာယီပိတ်လိုက်တာပါ။


ဓာတုစက်ရုံတွေနဲ့ ဖောက်ခွဲရေး ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေအားလုံး ယာယီပိတ်သိမ်းပြီး လုံခြုံရေးဆိုင်ရာ စစ်ဆေးပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့ “ဝ” အရပ်ဘက် ဖောက်ခွဲရေးပစ္စည်း စီမံခန့်ခွဲရေးရုံးက ဧပြီ ၈ ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားသလို ထုတ်ပြန်စာထုတ်ပြန်လိုက်တဲ့နေ့ကစပြီး ဓာတုစက်ရုံတွေအားလုံး ထုတ်လုပ်ရေးလုပ်ငန်းတွေကို ချက်ချင်းရပ်နားရမှာဖြစ်သလို သတ်မှတ်ထားတဲ့ လုံခြုံရေးအန္တရာယ်တွေကို ပြီးပြည့်စုံအောင် စစ်ဆေးဖို့ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ယာယီပိတ်သိမ်းထားတဲ့ ကာလအတွင်း ဘယ်လုပ်ငန်းအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်မဆို ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြန်လည်စတင်တာ ဒါမှမဟုတ် ဆက်စပ်လုပ်ငန်းတွေ ဆောင်ရွက်ခြင်း မပြုလုပ်ရဘူးလို့ပါ တားမြစ်ထားပါတယ်။
ဒီအမိန့်ကို လိုက်နာခြင်းမရှိဘဲ လျှို့ဝှက်စွာ ထုတ်လုပ်မှု ပြန်လည်စတင်တာ ဒါမှမဟုတ် ပြင်ဆင်မှု စစ်ဆေးမှုလုပ်ငန်းတွေကို မလိုက်နာရင် “ဝ”ဒေသဥပဒေအရ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
လုံခြုံရေးစစ်ဆေးမှုနဲ့အတူ အတည်ပြုမှုတွေ ပြီးစီးပြီးနောက်မှသာ ထုတ်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်မှာဖြစ်ပြီး စတင်နိုင်မဲ့ရက်စွဲကိုလည်း ကြေညာသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
Ref & Photo – Wa News Land
