







၇. ၄. ၂၀၂၆
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက်အမှတ် (၆) ရှိ အထည်ဆိုင်တစ်ဆိုင် နာရီဝက်ကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်ရသည့်အကြောင်းအရင်းကို မသိရှိသေးသော်လည်း ယခုမီးလောင်ခဲ့သည့် တိုက်ခန်းသည် SPIKE အမှတ်တံဆိပ် အဝတ်အထည်များ ရောင်းချသည့်ဆိုင်မှ ယနေ့ နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်သို့ မီးငြိမ်းသတ်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အမျိုးအစားမတူ မီးသတ်ရေယာဉ် ၁၂ စီးကျော် လာရောက်ငြိမ်းသတ်ခဲ့ရသည်ကို MT News အနေဖြင့် မြေပြင်သတင်းသွားရောက်ယူခဲ့မှုအရ တွေ့မြင်ခဲ့ရသည်။
မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ၏ မြန်မြန်ဆန်ဆန် မီးငြှိမ်းသတ်နိုင်ခဲ့မှုကြောင့် ညနေ ၄ နာရီ ၂၀ ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း မီးသတ်ကားများမှ ရေပတ်ဖျန်းမှု ရပ်နားလိုက်ချိန်တိုင်းတွင် အခန်းအတွင်းမှ မီးခိုးငွေ့များ ထပ်မံထွက်ရှိလာသဖြင့် သတိပေးစောင့်ကြည့်နေရသည့် အခြေအနေဖြစ်သည်။
လက်ရှိအချိန်အထိ မီးလောင်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုများကိုမူ မသိရှိရသေးကြောင်းနှင့် လက်ရှိအချိန်အထိ တာဝန်ရှိသူများက စိစစ်ဆောင်ရွက်နေဆဲအခြေအနေဖြစ်သည်။
