၇.၄.၂၀၂၆
Written by Nay Yaung
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာန ၁၀ ခု၏ ဝန်ကြီးများအဖြစ် ဗိုလ်မှူးကြီး ဝင်းတင်၊ ဒေါက်တာမေသန်းနွယ်၊ ဦးဗိုလ်ဌေး၊ ဦးနေလင်းထွန်း၊ ဒေါက်တာမျိုးသော်၊ ဒေါက်တာထူးမောင်၊ ဦးစိုးဦး၊ ဦးမျိုးမြင့်အောင်၊ စောဂျက်ကော့ထူး၊ ဦးနေမင်းထွန်းတို့ကို ခန့်အပ်တာဝန်ပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရရှိခဲ့ကြောင်း ယနေ့ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ ၇ ရက်၊ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၃ ဦးအနက် ၁၂၂ ဦးတက်ရောက်ခဲ့ပြီး တစ်ဦးခွင့်ပန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်အမည်စာရင်းနှင့် ဝန်ကြီးများ အမည်စာရင်းများအပြင် ဥပဒေချုပ်အမည်စာရင်း၊ စာရင်းစစ်ချုပ်နှင့် တိုင်းတရားလွှတ်တော်တရားသူကြီးများ အမည်စာရင်းများကိုလည်း တင်ပြခဲ့ပြီး ခန့်အပ်တာဝန်ပေးရန် တိုင်းလွှတ်တော်၏ သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိလ်၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ရာ တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်စန္ဒာသွယ်ကို အဆိုပြုတင်ပြခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် ခန့်အပ်တာဝန်ပေးရန် ရန်ကုန်တိုင်းလွှတ်တော်၏ သဘောတူညီခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြု ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို တိုင်းလွှတ်တော်သို့တင်ပြခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် (၁)ဗိုလ်မှူးကြီး ဝင်းတင်၊ (၂)ဒေါက်တာမေသန်းနွယ်၊ (၃)ဦးဗိုလ်ဌေး၊ (၄) ဦးနေလင်းထွန်း၊ (၅) ဒေါက်တာမျိုးသော်၊ (၆) ဒေါက်တာထူးမောင်၊ (၇) ဦးစိုးဦး၊ (၈) ဦးမျိုးမြင့်အောင်၊ (၉)စောဂျက်ကော့ထူး၊ (၁၀) ဦးနေမင်းထွန်းတို့ကို အဆိုပြုတင်ပြခဲ့သည်။
အထက်ပါ အမည်စာရင်းကိစ္စများနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပြီး ကန့်ကွက်မည်သူမရှိသဖြင့် အဆိုပါ တိုင်းကိုယ်စားလှယ် ၁၀ ဦးကို တိုင်းဒေသကြီးဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူညီခဲ့ကြောင်း ကြေညာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ဝန်ကြီးဌာနအဆိုပြုချက်မှာ (၁) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ (၂) စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ (၃) လူမှုရေးရာဝန်ကြီးဌာန၊ (၄) လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ (၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ (၆) သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၇) စည်ပင်သာယာရေးဝန်ကြီးဌာန၊ (၈) ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ (၉) ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ (၁၀) ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတို့ဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုထားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြု ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်၏ အမည်စာရင်းအဖြစ် ဒေါ်ဖြူမာဝေကို လွှတ်တော်သို့ တင်ပြခဲ့ပြီး ကန့်ကွက်မည့်သူမရှိသဖြင့် ခန့်အပ်တာဝန်ပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြု ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်၏ အမည်စာရင်းအဖြစ် ဒေါ်ခင်မာချိုကို လွှတ်တော်သို့ တင်ပြခဲ့ပြီး ကန့်ကွက်မည့်သူမရှိသဖြင့် ခန့်အပ်တာဝန်ပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြု ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများအဖြစ် ဦးကျော်စွာငြိမ်း၊ ဒေါ်ထားထား၊ ဒေါ်နုနုခင်၊ ဦးကျော်ကျော်၊ ဒေါ်မာလာထွန်း၊ ဦးသောင်းထွေးတို့ကို ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများအဖြစ် လွှတ်တော်သို့ တင်ပြခဲ့ပြီး ကန့်ကွက်မည့်သူမရှိသဖြင့် ခန့်အပ်တာဝန်ပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဧပြီ ၉ ရက်၊ နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။








