၇.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ အာကာအေဂျင်စီ နာဆာ (NASA) က ဧပြီလ ၁ ရက်မှာပစ်လွှတ်ခဲ့တဲ့ Artemis II အာကာသခရီးစဉ်အရ သယ်ဆောင်သွားတဲ့ Orion အာကာသယာဉ်မှ အာကာသယာဉ်မှူးတွေဟာ လူလိုက်ပါတဲ့ အာကာသခရီးစဉ်တွေအနက် ကမ္ဘာမြေမှ အဝေးဆုံးအကွာအဝေးကို ခရီးသွားခဲ့တဲ့ Apollo 13 အာကာသယာဉ်ရဲ့ စံချိန်ကိုချိုးဖျက်နိုင်ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။
Artemis II ခရီးစဉ်မှာ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူးတွေဟာ ၁၉၇၀ ပြည့်နှစ် ဧပြီလမှာ Apollo 13 အာကာသယာဉ်က တင်ခဲ့တဲ့ အရင်စံချိန်ကို ကျော်လွန်ပြီးနောက် ဧပြီလ ၆ ရက်မှာ လူသားတို့ရဲ့ အာကာသအတွင်း ကမ္ဘာမြေမှ အဝေးဆုံးအကွာအဝေးကို ရောက်ရှိအောင်သွားနိုင်ခဲ့ကြလို့ သမိုင်းမှာ မှတ်တမ်းသစ်တင်ခဲ့တာပါပဲ။
လကို ပတ်ပြီး ပျံသန်းမှုနဲ့ လေ့လာစောင့်ကြည့်ခြင်း မစတင်မီ တစ်နာရီခန့်အလိုမှာ Orion အာကာသယာဉ်ဟာ ကမ္ဘာမြေမှ ၂၅၂,၇၅၂ မိုင် (၄၀၆,၇၆၄.၉ ကီလိုမီတာ) အဝေးအထိ ပျံသန်းနေခဲ့ပြီး အရင် Apollo 13 အာကာသယာဉ် သွားနိုင်ခဲ့တဲ့ ကမ္ဘာမြေမှ ၂၄၈,၆၅၅ မိုင် အကွာအဝေးစံချိန်ကို ကျော်လွန်ခဲ့ပါတယ်။
Orion အာကာသယာဉ်ဟာ ဧပြီလ ၁ ရက် နံနက်အစောပိုင်းမှာ လရဲ့ဆွဲငင်အားစက်ဝိုင်းသို့ ရောက်ရှိခဲ့ပါတယ်။ ဆိုလိုတာက ထိုနေရာမှာ အာကာသယာဉ်အပေါ် ကမ္ဘာမြေဆွဲအားထက် လရဲ့ဆွဲငင်အားက ပိုမိုပြင်းထန်စွာ သက်ရောက်မှုရှိတယ်လို့ NASA က ပြောကြားခဲ့ပါတယ်။
အာကာသယာဉ်ဟာ ဝေးလံသောဘက်ခြမ်းမှာ လမှ ကီလိုမီတာ ၇,၅၀၀ ခန့်အကွာအထိ လနဲ့ အနီးဆုံးကို ရောက်ရှိခဲ့တာပါ။ လနဲ့ အနီးဆုံးကို ရောက်ရှိတဲ့အခါ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာနဲ့ လကို တစ်ပြိုင်နက် မြင်တွေ့ နိုင်ခဲ့ပြီး Orion ရဲ့ ရှုထောင့်မှ နေမင်းဟာ လရဲ့နောက်ကွယ်မှာ ပျောက်ကွယ်သွားတဲ့ နေကြတ် ဖြစ်စဉ်ကိုတောင် မြင်တွေ့နိုင်ခဲ့ပါတယ်။
Artemis II အာကာသခရီးစဉ်မှာ အမေရိကန်အာကာသယာဉ်မှူးတွေဖြစ်ကြတဲ့ ဗစ်တာဂလိုဗာ၊ ခရစ်စ တီးယားနားကို့ချ်၊ ရိဒ် ဝိုက်စ်မန်းတို့သုံးဦးနဲ့ ကနေဒါအာကာသယာဉ်မှူး ဂျီရီမီဟန်ဆင်တို့ပါဝင်ပြီး သူတို့တွေက နှစ်ပေါင်း ၅၀ ကျော်အတွင်း လကို ပထမဆုံးခရီးသွားခဲ့ကြတဲ့သူတွေလည်းဖြစ်လာပါတယ်။ သူတို့အနက် အမေရိကန် အာကာသယာဉ်မှူး ဗစ်တာဂလိုဗာ ဆိုရင် လကို ပတ်ပြီး ပျံသန်းနိုင်ခဲ့တဲ့ လူဖြူ မဟုတ်တဲ့ ပထမဆုံး အာကာသယာဉ်မှူးဖြစ်ခဲ့ပြီး ခရစ်စတီးယားနားကို့ချ်ကလည်း လကို ပတ်ပြီးပျံနိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူး ဖြစ်ခဲ့ပါတယ်။
Ref- DW News
