သက်တံ့
၇. ၄. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ်က ၂၀၂၀ ပြည့်နှစ်အတွင်းက Sathankulam ရဲစခန်းမှာ ဖမ်းဆီးရိုက်နှက်ခံရပြီး အကျဉ်းထောင်ဆီပို့ချိန်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သားအဖနှစ်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အိန္ဒိယရဲအရာရှိ ၉ ဦးကို သေဒဏ်ချမှတ်လိုက်ပါတယ်။
အသက် ၅၈ နှစ်အရွယ် P Jeyaraj နဲ့ သားဖြစ်သူ အသက် ၃၈ နှစ်အရွယ် Benicks တို့ဟာ အိန္ဒိယတောင်ပိုင်း တမီးလ်နာဒူး (Tamil Nadu) ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုအတွင်းမှာ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့သားအဖနှစ်ဦးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း Lockdown စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ဖုန်းအရောင်းဆိုင် ဖွင့်လှစ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာမှာပဲ သေဆုံးသွားခဲ့တာပါ။
တနင်္လာနေ့ (ဧပြီ ၆) က ပြုလုပ်တဲ့ စီရင်ချက်ချမှတ်ပွဲမှာ တရားသူကြီးက ရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ သားအဖနှစ်ဦးကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး တစ်ဦးရှေ့မှာ တစ်ဦးကို ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒီအမှုဟာ အာဏာကို အလွဲသုံးစားလုပ်တာ သိသာထင်ရှားကြောင်း ဖော်ပြခဲ့ပါတယ်။
“သူတို့ဟာ သေစေလိုတဲ့ ဆန္ဒနဲ့ ဒါကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်” လို့ တရားသူကြီးက ဆိုပါတယ်။
ပြီးခဲ့တဲ့လက လူသတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိထားတဲ့ အဆိုပါ ရဲအရာရှိတွေဟာ အခုချမှတ်လိုက်တဲ့ သေဒဏ်ပြစ်ဒဏ်အပေါ် အယူခံဝင်ခွင့်တော့ ရှိနေပါသေးတယ်။
“သူတို့ဟာ လက်နက်မပါတဲ့ သာမန်လူတွေကို တိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် သူတို့ကို ခွင့်မလွှတ်သင့်ပါဘူး။ သူတို့ရဲ့ အသက်အရွယ် ဒါမှမဟုတ် မိသားစုနောက်ခံ အခြေအနေတွေကို ကြည့်ပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။ သူတို့အားလုံးဟာ ပညာတတ်တွေပဲ ဖြစ်တယ်” လို့ တရားသူကြီးက ရဲအရာရှိတွေကို စီရင်ချက်ချရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
သားအဖနှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စုစုပေါင်း ရဲအရာရှိ ၁၀ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပေမဲ့ တရားခံတစ်ဦးကတော့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာပဲ ကိုဗစ်ရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။
ဒီအမှုဟာ တမီးလ်နာဒူးပြည်နယ်အတွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ပြည်နယ်အတိုက်အခံ လွှတ်တော်အမတ်တွေကပါ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ အတိုက်အခံခေါင်းဆောင် Rahul Gandhi နဲ့ အိန္ဒိယခရစ်ကက်ကြယ်ပွင့် Shikhar Dhawan တို့ အပါအဝင် လူအများအပြားကလည်း သေဆုံးသူနှစ်ဦးအတွက် တရားမျှတမှု ရရှိစေဖို့ လူမှုကွန်ရက်တွေကနေ တောင်းဆိုခဲ့ကြပါတယ်။
ဒီသားအဖနှစ်ဦး သေဆုံးမှုကြောင့် အိန္ဒိယနိုင်ငံက ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု ပြဿနာဟာ လူထုကြားထဲမှာ တစ်ကျော့ပြန် အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောကြားချက်အရ အိန္ဒိယမှာ နှစ်စဉ် အချုပ်ခန်းအတွင်း သေဆုံးသူ ရာနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။ သံသယရှိသူတွေဆီကနေ ဝန်ခံချက်ရဖို့အတွက် ညှဉ်းပန်းနှိပ်စက်တာနဲ့ အလွဲသုံးစားလုပ်တာတွေဟာ ရဲလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပြီလို့လည်း သူတို့က ထောက်ပြကြပါတယ်။
ဒီနှစ်အစောပိုင်းကလည်း ကုလသမဂ္ဂကျွမ်းကျင်သူအချို့က အိန္ဒိယရဲတပ်ဖွဲ့ကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ခေတ်မီအောင် ပြုပြင်ပြောင်းလဲမှုတွေ အကြီးအကျယ် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
Ref : BBC
