၇.၄.၂၀၂၆
Written By Thandar
စိန်ဋ္ဌေးရုပ်ရှင်ထုတ်လုပ်ရေးက အချစ်ဒရာမာဇာတ်လမ်းပုံစံ “မေမေ့အချစ်ဦး”ရုပ်ရှင်ဇာတ်ကားကြီး VIP & Media Show ပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၇ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့၊ စိန်ဂျွန်း City Mall ရှိ J Cineplex မှာကျင်းပခဲ့ပါတယ်။
“သဲအနေနဲ့ ဒီဇာတ်ကားမှာ သဲသဲဇလပ်ဖြူဆိုတဲ့ မင်းသမီးတစ်ယောက် ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ ကိုမင်းဆက်ရဲ့ လက်ရာတွေမို့ ဇာတ်အတက်အကျအနိမ့်အမြင့်တွေက တော်တော်လေး ကောင်းပါတယ်။ ဒရာမာအနေနဲ့ သဲအတွက် ပထမဆုံးဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။ ကိုယ့်ကြောင့် ဒီဇာတ်ကို တစ်ခုခုဖြစ်မှာလည်း စိုးရိမ်မိတာရှိပါတယ်။ မနက်စောစောကြည့်လိုက်ရတဲ့ဇာတ်ဆိုတော့ တစ်နေကုန် စိတ်ခံစားချက်တွေလည်း မကောင်းပါဘူး။ ပါဝင်ကြတဲ့ ကာရိုက်တာတွေမှာ သူ့နေရာနဲ့သူတော့ ဘယ်သူမှမမှားကြဘူး။ သူ့နေရာနဲ့ သူကတော့ မှန်နေတဲ့ပုံစံလေးဆိုတော့ ဇာတ်လမ်းလေးက ပရိသတ်တွေလာကြည့်မှ ဇာတ်အိမ်အလှည့်အပြောင်းလေးတွေကို သေသေချာချာလေးကို သိရမှာပါ ”လို့ သရုပ်ဆောင် သဲစုညိမ်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ မင်းဆက်သစ်က အချစ်ဒရာမာ ဇာတ်လမ်းလေးကို အကောင်းဆုံး ပုံဖော်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ဟင်နရီစံ၊ မေမီကိုကို၊ သဲစုညိမ်း၊ စိုးမိုးကြည်၊ နန်းခမ်းဝါ၊ ဝင်းမင်းသန်း၊ စွမ်းထက်အောင်၊ ရွှန်းလဲ့ကိုကို၊ ယွန်းသဒ္ဒါဟန်၊ သံစဉ်ဆည်းဆာ၊ သံစဉ်ဖြိုးပိုင်၊ ဟိန်းထက်အောင် စတဲ့အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“မေမေ့အချစ်ဦး” Echoes Of First Love ရုပ်ရှင်ဇာတ်ကားသစ်ကြီးကို လာမယ့် ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစတင်ပြီး မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
