သက်တံ့
၇. ၄. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို ၊ ချယ်ရီလမ်းမပေါ်က မေ စိန်ရွှေရတနာဆိုင်ကို ဒီမနက် ဧပြီ ၇ ရက် ၁၁ နာရီခွဲဝန်းကျင် နေ့ခင်းကြောင်တောင်အချိန်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာမှာ ဓားပြတိုက်သူတစ်ဦး ဖမ်းမိခဲ့ပေမယ့် ကျန်တစ်ဦးက ရွှေထည်ပစ္စည်းတွေနဲ့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့မနက် ၁၁ နာရီ ၃၅ မိနစ်အချိန်ခန့်မှာ ပြင်ဦးလွင်မြို့ ချယ်ရီလမ်းမပေါ် ဖွင့်လှစ်ထားတဲ့ မေ စိန်ရွှေရတနာဆိုင်အတွင်းကို အမဲရောင်ဦးထုပ်အဝိုင်း ဆောင်းထားပြီး၊ အမဲရောင်ပုဝါစနဲ့ မျက်နှာ ဖုံးအုပ်ထားတဲ့ အမျိုးသားတစ်ဦး၊ မျက်နှာကိုပုဝါစ ဖုံးအုပ်ထားတဲ့အမျိုးသားတစ်ဦးတို့ ဆိုင်ကယ်နဲ့ ရောက်လာကာ ဆိုင်အတွင်း ဝင်ရောက်လာပြီး အမဲရောင်ဦးထုပ်အဝိုင်းဆောင်းထားသူ အမျိုးသားက လက်ထဲအသင့်ပါလာတဲ့ သေနတ်အတိုနဲ့ ချိန်ရွယ်ပြီး ဆိုင်လုံခြုံရေးဝန်ထမ်းတွေ၊ အရောင်းဝန်ထမ်းတွေကို လက်မြှောက်ခိုင်းခဲ့ပြီး စိန်ထည်တွေ လုယက်ခဲ့တာပါ။
ဒီလုယက်မှုကြောင့် စိန်နားကပ်၊ စိန်ဆွဲကြိုး၊ စိန်လက်စွပ်၊ စိန်လက်ကောက်ပစ္စည်းမျိုးစုံ (၄၅)မျိုး၊ ခန့်မှန်း ငွေကျပ်သိန်း (၃၄၈၀) ခန့်ကို လုယက်ယူဆောင်ပြီး ထွက်ပြေးချိန် ဘေးဆိုင်က အမျိုးသားတွေ လိုက်ဖမ်းချိန် ဆိုင်ပိုင်ရှင် ဇနီးမောင်နှံပါရောက်လာပြီး ဝန်ထမ်းတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးရာမှာ ဖားကန့်မြိုနေ အောင်ဇော်ဖြိုး (၂၆ နှစ်) ကို ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံဖြစ်တဲ့ ပြည်ကြီးတံခွန်မြိုနယ်နေ အောင်ကျော်ဦး (၅၀) နှစ်က ဝိုင်းဖမ်းမယ့်သူတွေကို သေနတ်နဲ့ချိန်တာကြောင့် မဖမ်းရဲချိန် စိန်ထည် လက်ဝတ်ရတနာပစ္စည်းတွေနဲ့အတူ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ ကနဦး သိရပါတယ်။
မျက်မြင်သက်သေတွေကတော့ ဆိုင်ထဲဝင်လုသူနှစ်ယောက်တင်မကဘဲ ကင်းစောင့်ပေးသူတွေလည်းပါဝင်တယ်လို့ပြောနေတာကို ရုပ်သံမှာ တွေ့ရပေမဲ့ MT News က ကနဦး အတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာတော့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းက (ပ)၆၉/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ အရအမှုဖွင့်လှစ်ထားပြီး လွတ်မြောက်တရားခံ ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
Photo – CJ
