◾️ ယဉ်ကျေးမှုကို ခရီးသွားလုပ်ငန်း၏ အဓိကမောင်းနှင်အားအဖြစ် အသုံးချနိုင်ရန်၊ ဘတ်ဂျက်၊ လူအင်အားနှင့် အခြေခံအဆောက်အအုံများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်းရခြင်းဖြစ်
◾️ စည်ပင်သာယာရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဥပဒေနှင့်အညီ ဒေသအခြေအနေနှင့် လိုက်လျောညီထွေနေရန် ဆောင်ရွက်ခွင့်ပေးထားခြင်းကြောင့် ပြည်ထောင်စုအဆင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ရန် မသင့်ကြောင်း ရှင်းလင်းတင်ပြ
၇. ၄. ၂၀၂၆
Written by Nyein Kyaw
လွှတ်တော်အမတ်များ၏ တောင်သူလယ်သမားရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းပေးရန်၊ ဟိုတယ်နှင့်ခရီးသွားရေးလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့အား သီးခြားဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပေးရန်နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဖွဲ့စည်းပေးရန်တို့အတွက် ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္တနေ့ အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးဌာနကို ၃၁ ခုဖြင့်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးရေကို ၃၀ ဦးဖြင့် လည်းကောင်း သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၂၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၆ တို့နှင့်အညီ ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်နေ့ ရက်စွဲစာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားခြင်းဖြစ်သည်။
အဆိုပါ တင်ပြခဲ့မှုနှင့်ပတ်သက်ပြီး ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြု မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်းက တောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က တောင်သူလယ်သမားရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့အဖြစ် သီးခြားစီဖွဲ့စည်းပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က ပြည်ထောင်စုအဆင့်တွင် စည်ပင်သာယာရေးရာဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
တောင်သူလယ်သမားရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းပေးရန် မေးခွန်းမေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူက “မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူတွေဖြစ်ပြီး ကျေးလက်နေပြည်သူအများစုဟာ တောင်သူလယ်သမားတွေဖြစ်တာကြောင့် တောင်သူလယ်သမားတွေရဲ့ အခန်းကဏ္ဍမြှင့်တင်ရေးဟာလည်း အရေးကြီးပါတယ်။ လက်ရှိမှာတော့ တောင်သူလယ်သမားရေးရာ ကိစ္စရပ်တွေကို စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိတဲ့အတွက် တောင်သူလယ်သမားရေးရာဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနတစ်ခုအနေနဲ့ ဖွဲ့စည်းမထားတာဘဲဖြစ်ပါတယ်” ဟု ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် စိုက်ပျိုးရေးဦးစီးဌာနကို ဖွဲ့စည်းထားပြီး မြန်မာ့လယ်ယာကဏ္ဍတွင် စိုက်ပျိုးရေး၊ သား၊ ငါးမွေးမြူရေးနှင် သစ်တောကဏ္ဍများပါဝင်ကြောင်း၊ လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာကဏ္ဍအခွင့်အလမ်းကောင်းများကို ဖော်ထုတ်ပေးနိုင်ရန်အတွက် မူဝါဒနှင့်လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသူက ရှင်းလင်းတင်ပြခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် အရည်အသွေးမီ လယ်ယာနှင့် သား၊ ငါး ထွက်ကုန်များကို ပြည်တွင်း၌သာမက ပြည်ပဈေးကွက်အထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနသည် ဝန်ကြီးဌာန၏ လယ်ယာကဏ္ဍမူဝါဒများ၊ မျှေမှန်းချက်များပြည့်မီရန် ရည်ရွယ်ပြီး မျှော်မှန်းချက်လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ မူဝါဒများ၊ လုပ်ငန်းများ၊ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့အတူ သမဝါယမနှင့် ကျေးလတ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်းချက်သည်လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်ဖြစ်ကြောင်း။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များတွင် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လမ်းများနှင့် တံတားများတည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကျေးလတ်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်းများနှင့် အသက်မွေးဝမ်းကြောင်း သင်တန်းများ ဖွံ့လှစ်ပို့ချခြင်းနှင့် ဒေသထုတ်ကုန်များ ဈေးကွက်ရရှိရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန် စသည့်လုပ်ငန်းများ ပါဝင်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
“လက်ရှိမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန နှစ်ခုဟာ တောင်သူလယ်သမားရေးရာ ကိစ္စရပ်တွေကို ဟန်ချက်ညီညီ ဆောင်ရွက်ပေးနေတာကို တွေ့ရှိရပါတယ်။ နိုင်ငံအများစုရဲ့ ဝန်ကြီးဌာန ဖွဲ့စည်းမှုကိုကြည့်မယ်ဆိုရင်လည်း တောင်သူလယ်သမားရေးရာကိစ္စရပ်တွေကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်တာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် တောင်သူလယ်သမားရေးရာဝန်ကြီးဌာနအဖြစ် သီခြားဝန်ကြီးဌာနတစ်ခုကို ထပ်မံတိုးချဲ့ဖွဲ့စည်းမှုမရှိခြင်းဖြစ်ကြောင်း” နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသူက ရှင်းလင်ပြောကြားသည်။
ဒလမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၏ ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအစား ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းသင့်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
အထက်ပါ ဆွေးနွေးတင်ပြမှုအပေါ် နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်ခြင်းခံရသူက ဟိုတယ်ခရီးသွားလာမှုနှင့် ယဉ်ကျေးမှုတို့ကို ဝန်ကြီးဌာနတစ်ခုတည်း ပေါင်းစပ်ဖွဲ့စည်းရခြင်းရည်ရွယ်ချက်သည် ယဉ်ကျေးမှုကို ခရီးသွားလုပ်ငန်း၏ အဓိကမောင်းနှင်အားအဖြစ် အသုံးချပြီး စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများကို တစ်ပြိုင်နက် ရရှိစေရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
“ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးကို တစ်ပြိုင်နက် ညှိနှိုင်းပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်ပါတယ်။ ခရီးသွားတွေကို ဒေသခံရိုးရာဓလေ့၊ အနုပညာ၊ သမိုင်းဝင်နေရာတွေနဲ့ မိတ်ဆက်ပေးရာမှာ ပိုမိုထိရောက်စေမှာဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းကတစ်ဆင့် ဒေသခံပြည်သူတွေရဲ့ ဝင်ငွေတိုးတက်စေနိုင်မှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာချိန်မှာ ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်မှုတွေကို လျှေ့ာချနိုင်ပြီး အမွေအနှစ်များကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို ပေါင်းစပ်ခြင်းဖြင့် နိုင်ငံရဲ့စွမ်းဆောင်မှုအား မြှင့်တင်ကာ နိုင်ငံခြားခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ဘတ်ဂျက်၊ လူအင်အားနဲ့ အခြေခံအဆောက်အအုံတွေကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသူက ရှင်းလင်းတင်ပြခဲ့သည်။
အလားတူ ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်၏ စည်ပင်သာယာရေးဝန်ကြီးဌာန ဖွဲ့စည်းပေးရန် ဆွေးနွေးအကြံပြု မေးခွန်းမေးမြန်းမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသူက စည်ပင်သာယာရေးဝန်ကြီးဌာန ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ၏ ပုဒ်မ ၁၈၈ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ဇယား (၂) တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဝန်းလုံးတွင်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ဇယား (၂) အပိုဒ် (၈) စာပိုဒ်ခွဲ (က)တွင် စည်ပင်သာယာရေးဆိုသည့်ကဏ္ဍပါဝင်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၉ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သောကိစ္စရပ်များသို့ သက်ရောက်ပြန့်နှံ့သည်ဟု ပြဋ္ဌာန်းထားကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
“ဒါ့ကြောင့် စည်ပင်သာယာရေးကဏ္ဍဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့်ရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှုအာဏာအတွင်း ကျရောက်တဲ့ကိစ္စရပ်ဖြစ်ပါတယ်။ စည်ပင်သာယာရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များဟာ ဒေသအတွင်းနေ ပြည်သူများအတွက် နေ့စဉ်နဲ့အမျှ ထိတွေ့ဆောင်ရွက်ပေးနေရတဲ့ လုပ်ငန်းကိစ္စရပ်များဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဥပဒေနဲ့အညီ မိမိတို့ရဲ့ ဒေသအခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေနေဖို့ ဆောင်ရွက်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တွေမှာ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုအဆင့်မှာ စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ဖို့မသင့်တာကို တွေ့ရပါတယ်” ဟု နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသူက ရှင်းတင်ပြောကြားသည်။
