သတိုး
၇. ၄. ၂၀၂၆
အမျိုးသားလုံခြုံရေးကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသော အမေရိကန်နိုင်ငံသားတစ်ဦးနှင့် ယူကရိန်းနိုင်ငံသား ၆ ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယနိုင်ငံမှ ဒေလီတရားရုံးတစ်ခုက တနင်္လာနေ့ (ဧပြီ ၆ ရက်) တွင် ရက်ပေါင်း ၃၀ ကြာ ချုပ်ရက်ရမန် (Judicial Custody) ဖြင့် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။
အဆိုပါ နိုင်ငံခြားသားများကို အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ၏ စစ်ဆေးမေးမြန်းမှု သတ်မှတ်ရက် ပြည့်မြောက်ပြီးနောက် NIA အထူးတရားသူကြီး Prashant Sharma ရှေ့မှောက်သို့ လာရောက်ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တရားခံများကို မတ်လ ၁၃ ရက်က ဖမ်းမိပြီးနောက် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က တရားရုံးသည် NIA အား ဖမ်းမိတရားခံများကို စစ်ဆေးမေးမြန်းရန်အတွက် ၁၁ ရက်ကြာ ထိန်းသိမ်းခွင့်ပြုခဲ့သလို ၁၀ ရက် ထပ်မံ တိုးမြှင့်ပေးခဲ့သည်။
ထို့နောက် ယမန်နေ့တွင်မူ တရားသူကြီးက တရားခံများဖြစ်ကြသော အမေရိကန်နိုင်ငံသား Matthew Aaron Van Dyke နှင့် ယူကရိန်းနိုင်ငံသားများဖြစ်ကြသည့် Hurba Petro၊ Slyviak Taras၊ Ivan Sukmanovskyi၊ Stefankiv Marian၊ Honcharuk Maksim နှင့် Kaminskyi Viktor တို့ကို အကျဉ်းထောင်ချုပ်ရက်ဖြင့် ထားရှိရန် NIA ၏ လျှောက်ထားချက်ကို ခွင့်ပြုခဲ့သည်။
မတ်လ ၁၆ ရက်နေ့က တင်သွင်းခဲ့သည့် ရမန်လျှောက်ထားလွှာတွင် စုံစမ်းစစ်ဆေးရေးအရာရှိ (IO) က ရဲအစီရင်ခံစာ (FIR) ကို ကိုးကား၍ ပြောကြားရာတွင် အချို့သော ယူကရိန်းနိုင်ငံသားများသည် ခရီးသွားဗီဇာဖြင့် အိန္ဒိယနိုင်ငံအတွင်းသို့ မတူညီသော ရက်စွဲများတွင် ဝင်ရောက်လာခဲ့ကြပြီး ဂူဝါဟာတီ (Guwahati) သို့ လေကြောင်းဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ကန့်သတ်နယ်မြေခွင့်ပြုမိန့် (RAP) သို့မဟုတ် ကာကွယ်ထားသော နယ်မြေခွင့်ပြုမိန့် (PAP) ကဲ့သို့သော လိုအပ်သည့် စာရွက်စာတမ်းများ မရှိဘဲ မီဇိုရမ်ပြည်နယ်သို့ ခရီးနှင်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ယင်းနောက် ထိုသူများသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ကို ကြိုတင်စီစဉ်ထားသည့် သင်တန်းများ ပို့ချပေးရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိက ဆိုသည်။
“အမှုတွဲပါ FIR မှာ တရားခံတွေဟာ ခွင့်ပြုချက်မရှိဘဲ တားမြစ်နယ်မြေဖြစ်တဲ့ မီဇိုရမ်ကို သွားရောက်ခဲ့တာနဲ့ မြန်မာနိုင်ငံထဲကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့တာတွေကို ဖော်ပြထားတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ (မြန်မာနိုင်ငံက) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ အဆိုပါတရားခံတွေဟာ အိန္ဒိယရဲ့ ပိတ်ပင်ထားတဲ့ သူပုန်အဖွဲ့အစည်းအချို့ကိုလည်း လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးတာ၊ သင်တန်းပေးတာတွေကနေတစ်ဆင့် ကူညီပံ့ပိုးပေးနေတယ် ဆိုတာကိုလည်း ဖော်ပြထားပါတယ်”ဟု အမိန့်တွင် ပါရှိသည်။
တရားခံများအပေါ် အဆိုပါ စွပ်စွဲချက်များသည် အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံ၏အကျိုးစီးပွားကို အမှန်တကယ် ထိခိုက်စေသလို လက်ရှိဖွင့်လှစ်ထားသော ပုဒ်မဖြစ်သည့် ၁၉၆၇ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (UAPA) ပုဒ်မ ၁၈ အရ အကြမ်းဖက်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ ထောက်ပံ့မှု၊ အားပေးကူညီမှု သို့မဟုတ် လှုံ့ဆော်မှုကျူးလွန်ခြင်းများနှင့် ငြိစွန်းနေသည်။
ဖမ်းမိတရားခံ ၇ ဦးတွင် အမေရိကန်နိုင်ငံသား စစ်ပြန်တစ်ဦးဖြစ်သည့် SOLI SOLI (Sons of Liberty International) တည်ထောင်သူ Matthew Aaron Van Dyke က ခေါင်းဆောင်ဖြစ်ပြီး ကျန် ယူကရိန်းနိုင်ငံသား ၆ ဦးဖြစ်သည့် Hurba Petro၊ Slyviak Taras၊ Ivan Sukmanovskyi၊ Stefankiv Marian၊ Honcharuk Maksim နဲ့ Kaminskyi Viktor တို့တွင်လည်း သုံးဦးက ယူကရိန်းစစ်ပြန်များဖြစ်ကာ အဆိုပါ တရားခံများသည် မြန်မာနိုင်ငံမှ ရခိုင် AA ၊ ကချင် KIA နှင့် ချင်းလက်နက်ကိုင်များကို စစ်သင်တန်းပေးခဲ့သည်ဟု NIA ထံ ဝန်ခံထွက်ဆိုထားသည်။
Ref : The Pioneer
