၇.၄.၂၀၂၆
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံမှာ လွှတ်တော်အမတ်တွေက အသက် ၆၉ နှစ်ရှိ အာဏာရ ကွန်မြူနစ်ပါတီအထွေထွေ အတွင်းရေးမှူး တိုလမ်ကို နောက်ငါးနှစ်အတွက် နိုင်ငံတော်သမ္မတအဖြစ် ဧပြီလ ၇ ရက်မှာ တညီတညွတ်တည်း ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။
ဒေသခံသတင်းဌာန VnExpress က တိုလမ်အနေဖြင့် သမ္မတရာထူးမှ နုတ်ထွက်ခဲ့ရတဲ့ သမ္မတဟောင်း ဗိုဗန်သောင်းရဲ့နေရာကို ၂၀၂၄ ခုနှစ် မေလမှ အောက်တိုဘာလအထိ သမ္မတအဖြစ် ဆက်ခံခဲ့တဲ့ သက်တမ်းအပြီး အခုအကြိမ်က တိုလမ်ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ ပါတီရဲ့အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၆ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးအပ်ခံရတာပါပဲ။
တိုလမ်က ပါတီအကြီးအကဲအဖြစ် ၁၈ လတာဝန်ယူခဲ့စဉ်မှာလည်း ဗီယက်နမ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ဗဟိုကော်မတီ၊ ပေါ်လစ်ဗျူရိုနဲ့ အတွင်းရေးမှူးရုံးတို့ရဲ့ အဓိကမူဝါဒ ဆုံးဖြတ်ချက်တွေကို ကြီးကြပ်ခဲ့ပါတယ်။
ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ရည်မှန်းချက်တွေမှာ ရေရှည်ရည်မှန်းချက်နှစ်ခု ပါဝင်ပြီး ၂၀၃၀ ပြည့်နှစ်မှာ ခေတ်မီစက်မှုလုပ်ငန်းရှိသော အထက်-အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံဖြစ်ဖို့နဲ့ ၂၀၄၅ ခုနှစ်မှာ ဝင်ငွေမြင့်မားတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာဖို့တို့ဖြစ်ပါတယ်။
Ref- aa.com
