၇.၄.၂၀၂၆
Written & Photo by Nay Yaung
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ ၇ ရက်၊ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်အမည်စာရင်းနှင့် တရားသူကြီးများ အမည်စာရင်း၊ ဝန်ကြီးများ အမည်စာရင်း၊ ဥပဒေချုပ်အမည်စာရင်းနှင့် စာရင်းစစ်ချုပ် အမည်စာရင်းတို့ကို တင်ပြခဲ့ကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိလ်၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ရာ တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်စန္ဒာသွယ်ကို အဆိုပြုတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြု ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ဝင်းတင်၊ ဒေါက်တာမေသန်းနွယ်၊ ဦးနေလင်းထွန်း၊ ဒေါက်တာမျိုးသော်၊ ဒေါက်တာထူးမောင်၊ ဦးစိုးဦး၊ ဦးမျိုးမြင့်အောင်၊ စောဂျက်ကော့ထူး၊ ဦးနေမင်းထွန်းတို့ကို အဆိုပြုတင်ပြခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြု ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်၏ အမည်စာရင်းအဖြစ် ဒေါ်ဖြူမာဝေကို လွှတ်တော်သို့ တင်ပြခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြု ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်၏ အမည်စာရင်းအဖြစ် ဒေါ်ခင်မာချိုကို လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြု ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများအဖြစ် ဦးကျော်စွာငြိမ်း၊ ဒေါ်ထားထား၊ ဒေါ်နုနုခင်၊ ဦးကျော်ကျော်၊ ဒေါ်မာလာထွန်း၊ ဦးသောင်းထွေးတို့ကို ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများအဖြစ် လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
အထက်ပါ အမည်စာရင်းကိစ္စများနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခဲ့ကြောင်း သိရသည်။
တတိယနေ့အစည်းအဝေးတွင် ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင် နေရာယူပြီးနောက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့သည်။
ထို့နောက် တတိယနေ့အစည်းအဝေး မတက်ရောက်နိုင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ ၂၀ ရက်ကလည်းကောင်း၊ ဒုတိယနေ့ကို ဧပြီ ၆ ရက်ကလည်းကောင်း ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ကို ရွေးချယ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူကို ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားကြောင်း သိရသည်။
