◾ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက အဆိုပါ ဝန်ကြီးဌာန ၃၁ ခုတွင် ခန့်အပ်မည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
၇. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုအား ပြည်ထောင်စုဝန်ကြီးဦးရေ ၃၀ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပြုတင်ပြမှုကို ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးဌာနကို ၃၁ ခုဖြင့်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးရေကို ၃၀ ဦးဖြင့် လည်းကောင်း သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၂၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၆ တို့နှင့်အညီ ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်နေ့ ရက်စွဲစာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက တင်ပြထားသည့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန ၃၁ ခုဖြစ်သည့် (၁) ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်သမ္မတရုံး၊ (၂) အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ (၃) နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ (၄) ပို့ဆောင်ရေးဝန်ကြီးဌာန၊ (၅) ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ (၆) ကာကွယ်ရေးဝန်ကြီးဌာန၊ (၇) ပြည်ထဲရေးဝန်ကြီးဌာန၊ (၈) နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၉) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ (၁၀) နယ်စပ်ရေးရာဝန်ကြီးဌာန၊ (၁၁) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ (၁၂) ဥပဒေရေးရာဝန်ကြီးဌာန၊ (၁၃) ပညာရေးဝန်ကြီးဌာန၊ (၁၄) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ (၁၅) ကျန်းမာရေးဝန်ကြီးဌာန၊ (၁၆) အမျိုးသမီးရေးရာဝန်ကြီးဌာန၊ (၁၇) ပြန်ကြားရေးဝန်ကြီးဌာန၊ (၁၈) သာသနာရေးဝန်ကြီးဌာန၊ (၁၉) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ (၂၀) သမဝါယမနှင့် ကျေးလတ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ (၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၂၂) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ (၂၃) စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ (၂၄) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ (၂၅) အလုပ်သမားဝန်ကြီးဌာန၊ (၂၆) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ (၂၇) အားကစားရေးရာဝန်ကြီးဌာန၊ (၂၈) လူငယ်ရေးရာဝန်ကြီးဌာ၊ (၂၉) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ (၃၀) လူမှု့ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ (၃၁) ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
ယင်းကဲ့သို နိုင်ငံသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက တင်ပြခဲ့သည့် ဝန်ကြီးဌာန ၃၁ ခု အမည်စာရင်းနှင့် ပတ်သက်၍ ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြု မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်းက တောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က တောင်သူလယ်သမားရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲစည်းနိုင်ရေး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့အဖြစ် သီးခြားစီဖွဲစည်းပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က ပြည်ထောင်စုအဆင့်တွင် စည်ပင်သာယာရေးရာဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ယင်းနောက် ဆွေးနွေးတင်ပြခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ သဘောထားအား ထပ်မံတောင်းခံခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်သုံးဦးက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြန်လည်ရှင်းလင်းချက်အပေါ် လက်ခံခဲ့ခြင်းကြောင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာနနှင့် အမည်စာရင်းများကို ဖွဲ့စည်းရန် သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က အတည်ပြုကြေညာခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက အဆိုပါ ဝန်ကြီးဌာန ၃၁ ခုတွင် ခန့်အပ်မည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားကြောင်း နာယက က အသိပေးကြေညာခဲ့သည်။
နိုင်ငံတော်သမ္မအဖြစ် ရွေးချယ်တင်မြောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းမှာ (၁) ဦးခင်မောင်ရီ (၂)ဦးအောင်ကျော်ဦး၊ (၃) ဦးတင်အောင်စန်း၊ (၄) ဦးမြထွန်းဦး၊ (၅) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ (၆) ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ (၈) ဒေါက်တာကံဇော်၊ (၉) ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ (၁၀) ဦးသန်းမောင်၊ (၁၁) ဒေါက်တာသီတာဦး၊ (၁၂) ဒေါက်တာချောချောစိန်၊ (၁၃) ဒေါက်တာမျိုးသိမ်းကျော်၊ (၁၄) ဒေါက်တာသက်ခိုင်ဝင်း၊ (၁၅) ဒေါက်တာသက်သက်ဇင်၊ (၁၆) ဦးထိန်လင်း၊ (၁၇) ဦးတင်ဦးလွင်၊ (၁၈) ဦးမင်းနောင်၊ (၁၉) ဦးမျိုးဇော်သိန်း၊ (၂၀) ဦးစန်းဦး၊ (၂၁) ဦးကိုကိုလွင်၊ (၂၂) ဒေါက်တာချာလီသန်း၊ (၂၃) ဦးမြင့်ကြိုင်၊ (၂၄) ဦးခင်မောင်စိုး၊ (၂၅) ဦးထွန်းအုံ၊ (၂၆) ဦးရဲမြင့်ထွန်း၊ (၂၇) ဒေါက်တာမောင်သင်း၊ (၂၈) ဦးမျိုးသန့်၊ (၂၉) ဒေါက်တာစိုးဝင်း၊ (၃၀) ဦးမောင်မြင့်တို့ဖြစ်ကြောင်း နာယက က တင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုဝန်ကြီး အမည်စာရင်းနှင့် ပတ်သက်ပြီး ခန့်အပ်ရန်သဘောတူညီကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ပြီး ကန့်ကွက်မှု တစ်စုံတစ်ရာမရှိပါက အမည်စာရင်းပါ ပုဂ္ဂိုလ်များကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသွားမည်ဖြစ်သည်။
