၇. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် လက်ရှိပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးအား ခန့်အပ်တာဝန်ပေးရန် တင်ပြခဲ့မှုအား ကန့်ကွက်သူမရှိခြင်းကြောင့် အတည်ပြုကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၉ (ခ)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၈ တို့နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် လွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရေး ၂၀၂၆ ခုနှစ် ဧပြီလ ၅ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြထားခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၉ (ဂ)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၀ တို့နှင့်အညီ ဦးသာဌေးအား ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ၂၀၂၆ ခုနှစ် ဧပြီလ ၅ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြထားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည့် ပြည်ထောင်စုတရားသူကြီးချုပ် ဦးရေနှင့် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်၏ အမည်နှင့်ကိုယ်ရေးအချက်ကို ကန့်ကွက်လိုပါက ယမန်နေ့တွင် ကျင်းပသည့် အစည်းအဝေးပြီးချိန် နောက်ဆုံးထားကန့်ကွက်ရန် ကြေညာခဲ့ရာ ကန့်ကွက်သူမရှိခဲ့ခြင်းကြောင့် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နယက က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် အတည်ပြုလိုက်သည့် ဦးသာဌေးသည် ပြည်ထောင်စုတရားသူကြီးချုပ် တာဝန်အား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ ရက်မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် လက်ရှိ ဒုတိယမြောက် ပြည်ထောင်စုတရားသူကြီးချုပ်ဖြစ်ကြောင်း သိရသည်။
