◾️ ရန်ကုန်-ပြည် စာပို့ရထားများတွင် ပါဆယ်တွဲ ၃ တွဲစီနှင့် သာစည်-ရွှေညောင်-တောင်ကြီး စာပို့ရထားများတွင် ပါဆယ်တွဲ ၂ တွဲစီ ချိတ်ဆက် ပြေးဆွဲပေးမည်


၂. ၄. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်စည်များ မြန်မြန်ဆန်ဆန် သယ်ယူနိုင်စေရန် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းများတွင် တန်ချိန် ၂၀၀ ကျော် တင်ဆောင်နိုင်သော အထူးပါဆယ်ရထားများကို အစုန်/အဆန် ခေါက်ပြန်စနစ်ဖြင့် ဧပြီ ၄ ရက်တွင် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ခရီးသွားပြည်သူများ လွယ်ကူအဆင်ပြေစွာသွားလာနိုင်ရေးနှင့် ကုန်စည်များအား ဈေးနှုန်းသက်သာစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်း ပြောင်းလဲအသုံးပြုပြေးဆွဲခြင်း၊ ရန်ကုန် – မန္တလေး လမ်းပိုင်းနှင့် ရန်ကုန် -မော်လမြိုင် လမ်းပိုင်းတို့တွင် စားသောက်ကုန်ပစ္စည်းများ ဦးစားပေးသယ်ဆောင်နိုင်ရန် အထူးပါဆယ်ရထားများ စတင်ချိတ်ဆက် ပြေးဆွဲခြင်းနှင့် ရန်ကုန်-ပြည်လမ်းပိုင်း၊ သာစည်-ရွှေညောင်-တောင်ကြီးလမ်းပိုင်းတို့တွင် ပြေးဆွဲနေသော လူစီးရထားများ၌ ပါဆယ်တွဲများ တိုးမြှင့်ချိတ်ဆက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ BEL စက်ခေါင်းဖြင့် ရိုးရိုးတန်း ၄ တွဲ၊ ဘရိတ်တွဲ ၁ တွဲ ပါရှိသော “ဂ” အဆက်ရထားတွဲဆိုင်းအား မတ် ၂၅ ရက်တွင် စတင်ပြေးဆွဲပေးခဲ့ပြီး ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ ပိုမိုလွယ်ကူအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် BEL စက်ခေါင်းဖြင့် ရိုးရိုးတန်း ၄ တွဲ၊ ဘရိတ်တွဲ ၁ တွဲဖြင့် “ခ” အဆက် ရထားတွဲဆိုင်းအား ဧပြီ ၄ ရက်မှစ၍ ထပ်မံ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။
ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၃၅)အဆန်၊ အမှတ်(၃၆)အစုန် အထူးပါဆယ်ရထားအား ပါဆယ်တွဲ(၁၀)တွဲနှင့် ဘရိတ်တွဲ(၁)တွဲ ချိတ်ဆက်၍ လမ်းခရီးတွင် ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ဖြူး၊ တောင်ငူ၊ မြို့လှ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ သဲတော၊ မြစ်သား၊ ကျောက်ဆည်ဘူတာများတွင် ရပ်တန့်မည်ဖြစ်ပြီး တစ်ခေါက်လျှင် ကုန်စည် ၁၅၁,၇၀၀ ပိဿာ (၂၄၃ တန်) ကို တင်ဆောင်နိုင်ပြီး အစုန်/အဆန် ခရီးစဉ်အား ခေါက်ပြန်စနစ်ဖြင့် ဧပြီ ၄ ရက်မှစတင်၍ ပြေးဆွဲပေးမည်ဖြစ်သည်။
အလားတူ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမှတ်(၈၅) အဆန်၊ အမှတ်(၈၆)အစုန် အထူးပါဆယ်ရထားအား ပါဆယ်တွဲ(၉)တွဲ၊ ဘရိတ်တွဲ (၁)တွဲ ချိတ်ဆက်၍ လမ်းခရီးတွင် ပဲခူး၊ ဝေါ၊ သိမ်ဇရမ်၊ ကျိုက်ထို၊ တောင်စွန်း၊ နှင်းပုလဲ၊ သထုံ၊ ပေါင် ဘူတာများတွင် ရပ်တန့်မည်ဖြစ်ပြီး တစ်ခေါက်လျှင် ကုန်စည် ၁၂၈,၂၀၀ ပိဿာ (၂၀၆ တန်) ကို တင်ဆောင်နိုင်ပြီး အစုန်/အဆန် ခရီးစဉ်အား ခေါက်ပြန်စနစ်ဖြင့် ဧပြီ ၄ ရက်မှစတင်၍ ပြေးဆွဲပေးမည်ဖြစ်သည်။
ထို့အပြင် ဧပြီ ၃ ရက်မှစတင်၍ ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် (၆၃)အဆန်၊ အမှတ် (၆၄)အစုန် စာပို့ရထားများတွင် ပါဆယ်တွဲ ၃ တွဲစီ ချိတ်ဆက်၍ တစ်ခေါက်လျှင် ကုန်စည် (၃၀,၆၀၀) ပိဿာကိုလည်းကောင်း၊ သာစည်-ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း၌ ပြေးဆွဲနေသော အမှတ် (၁၄၁)အဆန်၊ အမှတ် (၁၄၂)အစုန် စာပို့ရထားများတွင် ပါဆယ်တွဲ ၂ တွဲစီ ချိတ်ဆက်၍ တစ်ခေါက်လျှင် ကုန်စည် (၂၅၂၀၀)ပိဿာကိုလည်းကောင်း ပိုမိုတင်ဆောင်နိုင်မည် ဖြစ်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတော်ယာယီသမ္မတ ၏လမ်းညွှန်မှာကြားချက်အရ ကုန်စည်များ သယ်ယူပို့ဆောင်ခကြီးမြင့်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုမရှိစေရန်၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် မီးရထားဖြင့် ပို့ဆောင်မှုများကို အဓိကထားအသုံးပြု၍ သယ်ယူပို့ဆောင်သွားကြရန်၊ ကုန်စည်များ လွယ်ကူအဆင်ပြေစွာ များများနှင့် မြန်မြန်သယ်ယူပို့ဆောင်နိုင်ရန်၊ ကုန်ကျစရိတ်သက်သာစေရန်နှင့် စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ရန်ရည်ရွယ်၍ ရထားများတိုးချဲ့ ချိတ်ဆက်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
