◾️ အလုံစက်ရုံရှိ Gas Turbine (၁) လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေးကိုသာ ဦးစားပေးဆောင်ရွက်နေ
၂. ၄. ၂၀၂၆
Written by Nyein Kyaw
ယနေ့ နေ့လယ်မှစတင်၍ ဓာတ်အားစနစ်အတွင်း ၂၃၀ ကေဗွီ မင်းလှ-မြောင်းတကာလိုင်း ဓာတ်အားစနစ် ပြတ်တောက်မှု ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးကြေညာထားသည်။
ယနေ့ ဧပြီ ၂ ရက် နေ့လယ် ၁၂ နာရီ ၄၈ မိနစ်အချိန်ခန့်တွင် ဓာတ်အားစနစ်အတွင်း ၂၃၀ ကေဗွီ မင်းလှ-မြောင်းတကာလိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့သောကြောင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ထို့ကြောင့် ရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine (၁) လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားထားသည်။
ဓာတ်အားစနစ်မှရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ အဓိကဓာတ်အားပေးနေသော ဓာတ်အားလိုင်းကြီး (၄) လိုင်းရှိရာ ၎င်းလိုင်းကြီး (၄)လိုင်းအနက် အလယ်ရိုးမ အနောက်ဘက်ရှိ ရွှေတောင်မှမြောင်းတကာ(ရန်ကုန်)သို့ သွယ်တန်းထားသည့် ၂၃၀ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်းသည် ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းခွဲဖျက်စီးခံခဲ့ရသည်။
၎င်းအခြေအနေတွင် ကျန်ရှိနေသော ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းတစ်လိုင်းသည် လိုင်းအပြစ်ဖြစ်ပေါ်ခဲ့သဖြင့် အခြားဓာတ်အားလိုင်း(၂)လိုင်း၌ ဝန်အား ပိုမိုစီးဆင်းခြင်းကြောင့် မနေ့က ဧပြီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ယနေ့ System Breakdown ဖြစ်ပေါ်ခဲ့ရသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်သောင်းကျန်းသူများဖျက်စီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာနှစ်ထပ်ဓာတ်အားလိုင်းအားလျှပ်စစ်ဝန်ထမ်း ၁၃၅ ဦးဖြင့် အမြန်ပြုပြင်လျက်ရှိပြီး လက်ရှိတွင် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ဓာတ်အားအမြန်ပြန်လည်ရရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
