၂. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်တီများကို ယနေ့ ဧပြီ ၂ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုတင်ပြခဲ့သည်။
ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည့် ဥပဒေကြမ်းများနှင့် ဆက်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးမှုမပြုမီ အသေးစိတ်လေ့လာစိစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဖွဲ့စည်းထားသည့် ဥပဒေကြမ်းကော်မတီများမှ ကော်မတီဦးရေ တူညီစွာပါဝင်သည့် ဥပဒေကြမ်းပူးပေါင်းကော်မတီအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၂၆ နည်းဥပဒေခွဲ (က)နှင့်အညီ ကော်မတီအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာလွှတ်တော်များမှ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ၇ ဦးစီဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၂၆ နည်းဥပဒေခွဲ (ခ)နှင့်အညီ ဥက္ကဋ္ဌတာဝန်အား ဒုတိယနာယက ဦးနော်တောင်အားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ် (၂) ဒေါ်နွယ်နွယ်ဦးအား လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒကျော်စွာအားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၁) ဦးဇင်မင်းထက်အားလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးအားလည်းကောင်း ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးအား ကော်မတီအဖွဲ့ဝင်များအဖြစ်လည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည့် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာစိစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဖွဲ့စည်းထားသည့် ပြည်သူ့ငွေစာရင်းကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် ကော်မတီဝင်ဦးရေ အများဆုံး ၇ ဦးစီဖြင့် တူညီစွာပါဝင်သည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၀၊ နည်းပဒေပုဒ်မခွဲ (က)နှင့်အညီ ကော်မတီအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာလွှတ်တော်များမှ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ၇ ဦးစီဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းပဒေဆိုင်ရာ နည်းဥပဒေ ၁၃၀၊ နည်းဥပဒေခွဲ (ခ)နှင့်အညီ ဥက္ကဋ္ဌတာဝန်ကို ဒုတိယနာယက ဦးနော်တောင်အားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဧရာဝတီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးချစ်ဆွေအားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဦးတေဇကျော်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးသန်းအောင်အား လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူအဖြစ် အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်အားလည်းကောင်း၊ ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးအား ကော်မတီအဖွဲ့ဝင်များအဖြစ်လည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဂ)နှင့်အညီ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ လွှတ်တော်အခွင့်အရေးကော်မတီများမှ သင့်တော်သည့် ကော်မတီဝင်များဖြင့် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် စိစစ်အတည်ပြုရေးလုပ်ငန်းတာဝန်ကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်စေလျက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၇ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး စုစုပေါင်းအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် လျာထားသည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးအား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၁) ဦးအောင်တင်မြင့်အား လည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
အဆိုပါ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ကော်မတီသုံးခုအား ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ သဘောတူညီချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က အသိပေးတင်ပြခဲ့သည်။
