၁.၄.၂၀၂၆
Written by Linn Eain
၇၄ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှ ကျန်ရှိနေသည့် ဆုမဲစုစုပေါင်း ၁၇၈၄၉ ဆုအား ဧပြီ ၂၉ ရက်နောက်ဆုံးထား ထုတ်ယူရန်နှင့် ကျော်လွန်ပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ဧပြီ ၁ ရက်တွင် ကြေညာထားသည်။
၂ဝ၂၅ ခုနှစ်၊ မေလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော (၇၄) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်း၏ဆုဖွင့်ပွဲတွင် ဆုမဲ (၁၃၉၁၂၁)ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ (၁၇၈၄၉) ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် ၁၁ လကြာမြင့်သည့်အထိ ဆုမဲများ လာရောက်တင်ပြထုတ်ယူခြင်းမရှိသေးသည့် အဆိုပါ ဆုမဲ တစ်သောင်းခုနှစ်ထောင်ကျော်အား ဧပြီ ၂၉ ရက်အထိ ဆုမဲထုတ်ယူရန် လာရောက်တင်ပြခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။
၇၄ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှ ဆုမဲထုတ်ယူရန် ကျန်ရှိနေသည့် ထီဆုများမှာ ကျပ်သိန်း (၂ဝဝ) တစ်ဆု၊ ကျပ်သိန်း (၁ဝဝ) တစ်ဆု၊ ကျပ်သိန်း (၅ဝ) တစ်ဆု၊ ကျပ်သိန်း(၂ဝ) တစ်ဆု၊ ကျပ် (၁ဝ)သိန်း ခြောက်ဆု၊ ကျပ် ၃ သိန်း (၁၁) ဆု၊ ကျပ် ၂ သိန်း (၂၂ဝ)ဆု၊ ကျပ် ၁ သိန်း (၁၁ဝ၃) ဆု ၊ ကျပ် ၅ သောင်းဆု (၂၇ဝဝ) ဆု၊ ကျပ် ၁ သောင်း ဆု (၁၃၈ဝဝ) ဆု တို့ဖြစ်ကြသည်။
ထီဆုပေါက် လက်မှတ်များကို ဧပြီ ၂၉ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့တင်ပြ၍ ဆုငွေများ တောင်းခံနိုင်ကြောင်းနှင့် (၇၄) ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေသိန်းထီပေါက်စဉ်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပြန်လည်ဖော်ပြထားသည်။
