သက်တံ့
၃၁. ၃. ၂၀၂၆
ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦးဟာ မိသားစုနဲ့ အဆက်အသွယ်မရတာကြောင့် သိရှိသူတွေကို သွားကြည့်ခိုင်းချိန်မှ နေအိမ်မှာ သေဆုံးလျက်သားတွေ့ရမှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဥ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အလယ်သောင်ကျေးရွာအုပ်စုနေ ဦးတင်မြင့်၊ ဒေါ်စန်းစန်းညိုတို့ရဲ့ ဒုတိယသား ကိုကျော်မြင့်ထွန်း အသက် (၄၁) နှစ်ဟာ ကိုရီးယားနိုင်ငံ ဂုမီမြို့ရှိ နေအိမ်မှာ ကွယ်လွန်နေကြောင်း ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက် ည ၈ နာရီအချိန်မှာ သိရှိရတာဖြစ်ပါတယ်။


“ကိုကျော်မင်းထွန်းရဲ့ မိဘများက ကိုကျော်မင်းထွန်းနဲ့ အဆက်အသွယ်မရသဖြင့် မြန်မာလုပ်သား အသိတစ်ယောက်ကို ကိုကျော်မင်းထွန်းရဲ့ နေအိမ်ကို သွားကြည့်ပေးရန် ဖုန်းဆက်ကြောင်းလိုက်ကြောင်း၊ မြန်မာ လုပ်သား တစ်ဦးက ကိုကျော်မင်းထွန်းရဲ့ အခန်းကို အလုပ်ပြီး၍ သွားကြည့်ရာ အခန်းထဲမှာ ကွယ်လွန်နေတာပါ။”လို့ ကိုရီးယားရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဇော်မိုးအောင်က ဖော်ပြထားပါတယ်။
ကွယ်လွန်သူ ကိုကျော်မင်းထွန်းကို လက်ရှိမှာ တာဝန်ရှိသူတွေက စိစစ်နေတာကြောင့် ရဲဌာနရဲ့ ခွင့်ပြုချက်ရမှ သင်္ဂြိုဟ်ရမှာဖြစ်သလို ကြွင်းကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းကို ကောင်းမွန်စွာ မီးသင်္ဂြိုဟ်နိုင်ဖို့ ကူငွေပါဝင်ပေးကြဖို့လည်း ကိုဇော်မိုးအောင်က မေတ္တာရပ်ခံထားပါတယ်။
Ref & Photo Zaw Moe Aung
