သက်တံ့
၃၁. ၃. ၂၀၂၆
ကမ္ဘောဒီးယား အယူခံတရားရုံးသည် ထိုင်းနယ်စပ်အနီးရှိ စစ်ဘက်ဆိုင်ရာ ကန့်သတ်နယ်မြေအတွင်း ဓာတ်ပုံရိုက်ကူးမှုဖြင့် “နိုင်ငံတော်သစ္စာဖောက်မှု” စွဲချက်အရ ပြစ်ဒဏ်ချမှတ်ခံထားရသည့် သတင်းထောက်နှစ်ဦး၏ ထောင်ဒဏ် ၁၄ နှစ်စီ ပြစ်ဒဏ်ကို မတ်လ ၂၆ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း ဒေသတွင်းသတင်းဌာနများနှင့် လူ့အခွင့်အရေးအဖွဲ့များက အတည်ပြု ဖော်ပြသည်။
သတင်းထောက်များဖြစ်ကြသော ဖိဖ်ဖာရာ (Pheap Phara) နှင့် ဖောင် ဆိုဖိဖ် (Phorn Sopheap) တို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အငြင်းပွားဖွယ်ရာ နယ်စပ်ဒေသအနီးရှိ သမိုင်းဝင် တာကရာဘေး (Ta Krabei) ဘုရားကျောင်းတွင် ကမ္ဘောဒီးယားစစ်သည်များနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကို Facebook ပေါ်တွင် တင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါဓာတ်ပုံသည် နောက်ပိုင်းတွင် ထိုင်းမီဒီယာများ၌ ပျံ့နှံ့သွားခဲ့ပြီး ယင်းဓာတ်ပုံထဲတွင် မှတ်တမ်းမတင်ထားသော မြေမြှုပ်မိုင်းများကို တွေ့ရှိရသည်ဟု ထိုင်းဘက်က ဆိုသော်လည်း ကမ္ဘောဒီးယားဘက်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။
၎င်းတို့နှစ်ဦးသည် “နိုင်ငံတော်ကာကွယ်ရေးကို ထိခိုက်စေမည့် သတင်းအချက်အလက်များကို နိုင်ငံခြားအစိုးရထံ ပေးပို့မှု” ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သော်လည်း သတင်းထောက်များကမူ ယင်းစွဲချက်ကို ငြင်းဆိုခဲ့ကြသည်။ အယူခံဝင်နေစဉ်အတွင်း ၎င်းတို့၏ လုပ်ဆောင်ချက်မှာ စစ်သည်များ၏ ကြံ့ခိုင်မှုကို မီးမောင်းထိုးပြရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံခြားအစိုးရကို ကူညီရန်မဟုတ်ကြောင်း လျှောက်လဲခဲ့ကြကာ စွဲချက်များကို ပြန်လည်စိစစ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ချမှတ်ပြစ်ဒဏ်ကို အယူခံတရားရုံးကပါ အတည်ပြုလိုက်ခြင်းဖြစ်သည်။
ဒေသတွင်းနှင့် ပြည်တွင်းသတင်းစာနယ်ဇင်းအဖွဲ့အစည်း ၁၆ ခုက အဆိုပါ တရားရုံး၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြပြီး ယခုကဲ့သို့ ပြင်းထန်သော ပြစ်ဒဏ်များမှာ အများပြည်သူအကျိုးစီးပွားအတွက် သတင်းတင်ပြနေသည့် သတင်းထောက်များကို ခြိမ်းခြောက်ရာရောက်ကြောင်း သတိပေးခဲ့ကြသည်။
“အမျိုးသားလုံခြုံရေးဆိုသည့် စကားရပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု၍ စွဲချက်တင်ခြင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ပြင်းထန်သော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တက်ပ်အာနာရစ် (Tep Asnarith) ကမူ ယခုပြစ်ဒဏ်ချမှတ်မှုကို ကာကွယ်ပြောဆိုခဲ့ပြီး “ဤအမှုသည် သတင်းထောက်များအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရန် သင်ခန်းစာတစ်ရပ်ဖြစ်သည်”ဟု ဆိုကာ “သတင်းလွတ်လပ်ခွင့်သည် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ ဒွန်တွဲနေရမည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ၏ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၁ တွင် ရပ်တည်နေသည်။
Ref: Khaosod
