
သက်တံ့
၂၉. ၃. ၂၀၂၆
ထိုင်းပြည်သူများအနေဖြင့် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပြီး၊ အစိုးရကလည်း အရေးပေါ်စီမံချက်များနှင့် အမိန့်အမျိုးမျိုးထုတ်ကာ အကျပ်အတည်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ်အတွင်း၊ နိုင်ငံ၏ စီမံခန့်ခွဲမှုပုံစံအပေါ် အာရုံစိုက်မှုများ ရှိလာခဲ့သည်။
အကယ်၍ အရှေ့အလယ်ပိုင်းစစ်ပွဲ ရှည်ကြာသွားပြီး ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုများကို ထိခိုက်လာပါက ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီပြတ်လပ်မှု ပြဿနာနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ် (Anutin Charnvirakul) က လာအိုနှင့် မြန်မာနိုင်ငံမှလွဲ၍ ပြည်ပနိုင်ငံများသို့ ရေနံတင်ပို့ခြင်းကို ပိတ်ပင်သည့် အမိန့်အား လက်မှတ်ရေးထိုးခဲ့သည်။
သို့သော်လည်း အကျပ်အတည်းကာလအတွင်း ထိုင်းနိုင်ငံအနေဖြင့် လာအိုနှင့် မြန်မာနိုင်ငံသို့ တစ်ရက်လျှင် ရေနံလီတာ ၅ သန်းခန့် အဘယ်ကြောင့် ဆက်လက်ပေးပို့နေသနည်းဟူသော မေးခွန်းများ ထွက်ပေါ်နေဆဲဖြစ်သည်။
အရှေ့အလယ်ပိုင်း တိုက်ပွဲများကို စောင့်ကြည့်နေသည့် အစိုးရအဖွဲ့၏ ရှင်းလင်းတင်ပြချက်အရ ဤသို့ဆောင်ရွက်ခြင်းမှာ နှစ်နိုင်ငံချုပ်ဆိုထားသည့် ကတိကဝတ်များအပြင် စွမ်းအင်စီမံခန့်ခွဲမှု မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် သဘာဝဓာတ်ငွေ့ရည် (LNG) ဈေးနှုန်းမှာ ဗြိတိသျှအပူစွမ်းအင်ယူနစ် တစ်သန်း (One Million BTU) လျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ မြင့်တက်လာပြီးနောက် လျှပ်စစ်ထုတ်လုပ်မှုအတွက် လောင်စာဆီကုန်ကျစရိတ် သိသိသာသာ မြင့်တက်လာနိုင်ခြင်းကြောင့် ဖြစ်သည်။
အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်စီ (NESDC) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒါနူချာ ပီချာယာနန် (Danucha Pichayanan) က အဆိုပါ စောင့်ကြည့်ရေးစင်တာ၏ အတွင်းရေးမှူးအဖြစ် ပြောကြားရာတွင် ထိုင်းနိုင်ငံအနေဖြင့် ရေနံတင်ပို့မှုကို အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော လာအိုနှင့် မြန်မာသို့ တင်ပို့ရန်သာ အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။
သို့သော် တင်ပို့မှုပမာဏကို တစ်ရက်လျှင် လီတာ ၅ သန်းထက်မပိုစေရန် ကန့်သတ်ထားပြီး လာအိုနိုင်ငံသို့ တစ်ရက်လျှင် လီတာ ၄ သန်းကျော်နှင့် မြန်မာနိုင်ငံသို့ တစ်ရက်လျှင် လီတာ ၃ သိန်းခန့် ပို့ဆောင်နေခြင်း ဖြစ်သည်။
၎င်း၏ ပြောကြားချက်အရ ထိုင်းနိုင်ငံအနေဖြင့် လာအိုသို့ ရေနံ ဆက်လက်ပို့ဆောင်ရန် လိုအပ်နေခြင်းမှာ နှစ်နိုင်ငံအကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် လာအိုနိုင်ငံမှ ရေအားလျှပ်စစ် တင်သွင်းမှုများနှင့် ဆက်နွှယ်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
အကယ်၍ ကမ္ဘာ့ LNG ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါက ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်ထုတ်လုပ်မှုအတွက် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးတို့ကို ရောနှောအသုံးပြုသည့် (Energy Mix) စနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးမှုကို ပြုပြင်ပြောင်းလဲရန် လိုအပ်နိုင်သည်။
ထို့အပြင် ဓာတ်ငွေ့ဈေးနှုန်းများ အဆမတန် မြင့်တက်လာချိန်တွင် နိုင်ငံ၏ ပျမ်းမျှလျှပ်စစ်ခနှုန်းထားကို လျှော့ချနိုင်ရန်အတွက် ရှေ့လာမည့် ကာလများတွင် လာအိုမှ ရေအားလျှပ်စစ်ကို ပိုမိုတင်သွင်းရဖွယ်ရှိနေသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကို ဆက်လက်ပံ့ပိုးပေးရန် လိုအပ်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍မူ မြန်မာနိုင်ငံဘက်မှ သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းနေရခြင်းကြောင့် အပြန်အလှန်အထောက်အကူပြုရန် ရေနံကို ဆက်လက်ပေးပို့နေခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်ငွေ့များကို ပိုက်လိုင်းများမှတစ်ဆင့် သယ်ယူပို့ဆောင်ပြီး ရာ့ချ်ဘူရီ (Ratchaburi) လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများအတွက် လျှပ်စစ်ထုတ်လုပ်ရာ၌ အသုံးပြုနေသည်။
ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ထိုင်းနိုင်ငံစွမ်းအင်ရရှိရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေသောကြောင့် မြန်မာနိုင်ငံသို့ ရေနံတင်ပို့မှုများကို ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သည်။
”လာအိုနဲ့ မြန်မာနိုင်ငံကို ရေနံပေးပို့တာဟာ နှစ်နိုင်ငံစလုံးနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ရှေ့ကိုကြည့်ရင် LNG ဈေးနှုန်းတွေ မြင့်တက်လာတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ ချမှတ်ထားတဲ့ စွမ်းအင်ရောနှောအသုံးပြုမှု အစီအစဉ်အတိုင်း လျှပ်စစ်ထုတ်လုပ်မှု ပုံစံကို ပြောင်းလဲသွားနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: The Nation Thailand
