




သတိုး
၂၉. ၃. ၂၀၂၆
The Wall Street Journal နှင့် Air & Space Forces Magazine တို့က ကိုးကားဖော်ပြထားသော အမေရိကန်နှင့် အာရပ်အရာရှိများ၏ ပြောကြားချက်အရ ဆော်ဒီအာရေးဗီးယားရှိ Prince Sultan လေတပ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ရာတွင် အမေရိကန်၏ လေကြောင်းသတိပေးနှင့် ထိန်းချုပ်ရေးစနစ် (AWACS) တပ်ဆင်ထားသည့် E-3 Sentry ထောက်လှမ်းရေးလေယာဉ် တစ်စင်းပါ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း ဝေဟင်ဆီဖြည့်လေယာဉ်များလည်း ပျက်စီးခဲ့ပြီး အမေရိကန်စစ်သည် ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည့်အပြင် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ လေယာဉ်မှာ သိသိသာသာ ပျက်စီးသွားသည်ကို တွေ့ရပြီး ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေ (Beyond repair) သို့ ရောက်ရှိသွားမည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကမူ ပျက်စီးမှုအတိုင်းအတာကို တရားဝင် အတည်မပြုသေးပေ။
E-3 Sentry သည် သာမန်လေယာဉ်တစ်စင်း မဟုတ်ဘဲ အမေရိကန်၏ စစ်မြေပြင်အခြေအနေ စောင့်ကြည့်သိရှိနိုင်မှု (Battlefield awareness) ၏ ကျောရိုးဖြစ်သည်။ “ပျံသန်းနေသော ကွပ်ကဲမှုဗဟိုဌာန” ဟု တင်စားကြသည့် AWACS စနစ်သုံးလေယာဥ်သည် မိုင်ပေါင်းရာချီသော ဝေဟင်ပိုင်နက်ကို စောင့်ကြည့်နိုင်ပြီး ရန်သူ့ဒုံးကျည်များ၊ ဒရုန်းများနှင့် လေယာဉ်များကို ခြေရာခံနိုင်သလို မိမိ တပ်ဖွဲ့များကိုလည်း အချိန်နှင့်တစ်ပြေးညီ ညွှန်ကြားပေးနိုင်သည်။ ကင်းထောက်ခြင်းမှသည် ကြားဖြတ်ဟန့်တားခြင်းအထိ စစ်မြေပြင်တစ်ခုလုံးကို ချိတ်ဆက်ပေးနိုင်စွမ်းရှိခြင်းကြောင့် ခေတ်သစ်စစ်ဆင်ရေးများတွင် အရေးအပါဆုံးသော တန်ဖိုးဖြတ်မရသည့် လက်နက်တစ်ခု ဖြစ်သည်။
”ဒါဟာ တကယ့်ကို ကိစ္စကြီးပါ” ဟု အငြိမ်းစား အမေရိကန်လေတပ် ဗိုလ်မှူးကြီး John “JV” Venable က The Journal သို့ ပြောကြားခဲ့သလို “ဒါဟာ ပင်လယ်ကွေ့ဒေသမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိနိုင်ဖို့နဲ့ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နိုင်ဖို့ အမေရိကန်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
ဤကဲ့သို့သော လေယာဉ် အမျိုးအစား ဆုံးရှုံးခြင်း သို့မဟုတ် စွမ်းဆောင်ရည် ကျဆင်းသွားခြင်းသည် စစ်ဆင်ရေးပိုင်းတွင် ချက်ချင်းဆိုသလို ဟာကွက်များ ဖြစ်ပေါ်စေသည်။ AWACS ၏ ပံ့ပိုးမှုမရှိပါက တိုက်လေယာဉ်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်များနှင့် ရေတပ်ပိုင်ဆိုင်မှုများသည် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းသွားပြီး ရန်သူ့ခြိမ်းခြောက်မှုများကို လွတ်သွားခြင်း သို့မဟုတ် တုံ့ပြန်မှု နှောင့်နှေးခြင်း စသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်။
◾ အရေအတွက် နည်းပါးလာပြီး သက်တမ်းရင့်လာသည့် လေယာဉ်အုပ်စု
ယခုပျက်စီးမှုသည် အမေရိကန်လေတပ်၏ AWACS လေယာဉ်အုပ်စု အကျပ်ရိုက်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ E-3 လေယာဉ်များသည် ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းကတည်းက စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပင်လယ်ကွေ့စစ်ပွဲမှသည် အီရတ်၊ အာဖဂန်နစ္စတန်နှင့် IS အကြမ်းဖက်အဖွဲ့တိုက်ဖျက်ရေး စစ်ဆင်ရေးများအထိ အဓိကနေရာမှ ပါဝင်ခဲ့သည်။
သို့သော်လည်း အဆိုပါလေယာဉ်အုပ်စုမှာ တဖြည်းဖြည်း နည်းပါးလာရာ လက်ရှိတွင် တာဝန်ထမ်းဆောင်နိုင်သော လေယာဉ် ၁၆ စင်းခန့်သာ ကျန်ရှိတော့သဖြင့် စစ်ဆင်ရေးအတွက် အသင့်ဖြစ်မှု (Operational readiness) ပိုင်းမှာလည်း စိုးရိမ်စရာ ဖြစ်နေသည်။
Air & Space Forces Magazine က ကိုးကားထားသည့် အချက်အလက်များအရ ၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပါလေယာဉ်အုပ်စု၏ ၅၆ ရာခိုင်နှုန်းခန့်သာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နိုင်သည့် အခြေအနေတွင် ရှိသည်။ ဆိုလိုသည်မှာ မည်သည့်အချိန်တွင်မဆို အသုံးပြုနိုင်သော လေယာဉ်မှာ စုစုပေါင်း၏ ထက်ဝက်ခန့်သာ ရှိခြင်းဖြစ်သည်။
”ဒီ E-3 လေယာဉ် ဆုံးရှုံးရတာဟာ အလွန်ကို ပြဿနာကြီးပါတယ်” ဟု F-16 တိုက်လေယာဉ်မှူးဟောင်းနှင့် Mitchell Institute မှ လေ့လာဆန်းစစ်သူ Heather Penney က ဆိုသည်။
“ဒီစစ်မြေပြင် စီမံခန့်ခွဲသူတွေဟာ ဝေဟင်ပိုင်နက် ပဋိပက္ခမဖြစ်အောင် ထိန်းညှိတာကနေ ပစ်မှတ်သတ်မှတ်တာနဲ့ တပ်ဖွဲ့တစ်ခုလုံး ပေါင်းစပ်ညှိနှိုင်းမှုအထိ အရာအားလုံးအတွက် အရေးပါတယ်” ဟု ၎င်းက မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
အသုံးပြုနိုင်သော လေယာဉ်အရေအတွက် နည်းပါးသွားခြင်းကြောင့် ကျန်ရှိနေသည့် AWACS လေယာဉ်များမှာ စစ်ဆင်ရေးဝန်ထုပ်ဝန်ပိုး ပိုမိုထမ်းဆောင်ရမည်ဖြစ်ပြီး ရေရှည်တွင် ယိုယွင်းပျက်စီးမှု ပိုမိုမြန်ဆန်လာကာ အသင့်ဖြစ်မှု စွမ်းရည် ကျဆင်းသွားနိုင်သည်။
◾ လက်ရှိပဋိပက္ခအပေါ် သက်ရောက်မှု
ဤတိုက်ခိုက်မှုသည် အီရန်၏ စစ်မဟာဗျူဟာ ပြောင်းလဲလာမှုကို ထင်ရှားစေသည်။ တီဟီရန်သည် တိုက်ရိုက်ရင်ဆိုင်ခြင်းထက် အမေရိကန် လေကြောင်းအာဏာစက်ကို အဓိက ပံ့ပိုးပေးနေသည့် ရေဒါစနစ်များ၊ ဆက်သွယ်ရေးဗဟိုဌာနများ၊ ဆီဖြည့်လေယာဉ်များနှင့် ကင်းထောက်လေယာဉ်များကို ပစ်မှတ်ထားလာပုံရသည်။
”ဒါဟာ တိုက်ဆိုင်မှုတော့ မဟုတ်တာ သေချာပါတယ်” ဟု Stimson Center မှ အကြီးတန်းအဖွဲ့ဝင် Kelly Grieco က ဆိုသည်။
အီရန်သည် အမေရိကန်၏ စစ်ဆင်ရေးစွမ်းရည်များကို ကျဆင်းစေရန် ရည်ရွယ်သည့် “အချိုးမညီသော လေကြောင်းတန်ပြန် စစ်ဆင်ရေး” (Asymmetric counter-air campaign) ကို လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။
ဤကဲ့သို့သော နည်းဗျူဟာများသည် ကြီးမားသော အကျိုးသက်ရောက်မှု ရှိနိုင်သည်။ AWACS လေယာဉ်တစ်စင်း ပျက်စီးသွားရုံဖြင့် ဝေဟင်စောင့်ကြည့်မှုတွင် “ဟာကွက်များ” (Coverage gaps) ဖြစ်ပေါ်စေနိုင်ပြီး တပ်မှူးများအနေဖြင့် ကန့်သတ်ထားသော အရင်းအမြစ်များကို ပြန်လည်ခွဲဝေရခြင်းနှင့် အရေးကြီးသည့် နေရာများတွင် မျက်ကွယ်ပြုမိသည့် နေရာများ (Blind spots) ဖြစ်ပေါ်လာနိုင်ခြင်းတို့ ရှိလာနိုင်သည်။
ထို့အတူ စစ်မြေပြင်ရှိ လေယာဉ်မှူးများနှင့် တပ်မှူးများအတွက်မူ သက်ရောက်မှုက ချက်ချင်းဖြစ်သည်။ AWACS များသည် စစ်မြေပြင်၏ “မြင်ကွင်းကျယ်” ကို ပံ့ပိုးပေးခြင်းကြောင့် ပေါင်းစပ်တိုက်ခိုက်မှုများနှင့် ကာကွယ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်သည်။ ၎င်းတို့မရှိပါက စစ်ဆင်ရေးများသည် အကွဲကွဲအပြားပြား ဖြစ်သွားပြီး အန္တရာယ် ပိုများလာနိုင်သည်။
◾ အမေရိကန်တပ်ဖွဲ့များအပေါ် ပိုမိုဖိစီးလာမှု
ယခုဖြစ်ရပ်သည် ပဋိပက္ခအတွင်း အမေရိကန်၏ ဆုံးရှုံးမှုစာရင်းထဲသို့ ထပ်တိုးလာခြင်းဖြစ်သည်။ စစ်ရေးအစီရင်ခံစာများအရ တိုက်ပွဲများ စတင်ကတည်းက အမေရိကန် စစ်သည် ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်။ ဒရုန်းများ၊ ဆီဖြည့်လေယာဉ်များနှင့် အဆင့်မြင့် တိုက်လေယာဉ်များ အပါအဝင် လေယာဉ် အစင်း ၂၀ ခန့် ပျက်စီးခဲ့သည်။
စုပေါင်းအကျိုးသက်ရောက်မှုအရ စစ်ဆင်ရေးပိုင်းဆိုင်ရာ ပျော့ပြောင်းမှု (Operational flexibility) တဖြည်းဖြည်း လျော့နည်းလာနေသည်။ အရေးပါသည့် ပိုင်ဆိုင်မှုများ ပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းကြောင့် အမေရိကန်စစ်တပ်အနေဖြင့် မတည်ငြိမ်သည့် ဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံစောင့်ကြည့်နိုင်ရန် ပိုမိုဖိအားပေး ခံနေရသည်။
◾ အစားထိုးမှုနှင့် အနာဂတ်စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုများ
ယခုတိုက်ခိုက်မှုကြောင့် မျိုးဆက်သစ်စနစ်များသို့ ကူးပြောင်းရာတွင် နှောင့်နှေးနေသည့် ရေရှည်ပြဿနာမှာလည်း မီးမောင်းထိုးပြသကဲ့သို့ ဖြစ်သွားသည်။ လက်ရှိ မွမ်းမံမှုများအရ ဒေါ်လာ သန်း ၄၀၀ ခန့် တန်ကြေးရှိသည့် E-3 နေရာတွင် ဒေါ်လာ သန်း ၆၀၀ ခန့်တန်ကြေးရှိ E-7 Wedgetail ဖြင့် အစားထိုးရန် စီစဉ်ထားသော်လည်း ဝယ်ယူမှုနှင့် ဖြန့်ကြက်မှု အချိန်ဇယားများမှာ မရေမရာ ဖြစ်နေဆဲဖြစ်သည်။
ပင်တဂွန်ခေါင်းဆောင်ပိုင်းသည် အာကာသအခြေပြု စောင့်ကြည့်ရေးစနစ်များသို့ ပြောင်းလဲရန် စူးစမ်းနေသော်လည်း အဆိုပါ စွမ်းဆောင်ရည်များမှာ အပြည့်အဝ အသုံးပြုနိုင်သည့် အဆင့်သို့ မရောက်သေးပေ။
”အာကာသစနစ်ဟာ အံ့သြစရာကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဆင်သင့် မရှိသေးပါဘူး” ဟု Penney က သတိပေးလိုက်ပြီး လက်ရှိအသုံးပြုနေသည့် လေယာဉ်များ အကျပ်ရိုက်နေစဉ် အနာဂတ်စနစ်များအပေါ် အလွန်အကျွံ အားကိုးခြင်းကို ရှောင်ကြဉ်ရန် ပြောကြားခဲ့သည်။
ရေတိုကာလတွင် AWACS လေယာဉ်တစ်စင်း ဆုံးရှုံးရခြင်းသည်ပင် ကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ပဋိပက္ခ ပြင်းထန်လာသည်နှင့်အမျှ စစ်မြေပြင်အခြေအနေကို အဆက်မပြတ် သိရှိနေရန်မှာ အမေရိကန်တပ်ဖွဲ့များအတွက် အရေးပါသလို ပိုမိုခက်ခဲလာမည့် ကိစ္စလည်း ဖြစ်လာနေသည်။
Ref: Money Control
