





၂၉. ၃.၂၀၂၆
Written by Thiri
စက်ဘီးစီးလာတဲ့အမျိုးသမီးတစ်ဦးကို ဘုန်းကြီးတစ်ပါးမောင်းလာတဲ့ ကားက တိုက်ပြေးလို့ လိုက်လံ ဖမ်းဆီးရာက ဖမ်းမိ ကျူးလွန်သူဟာ သံဃာအတုအယောင်ဖြစ်နေလို့ အုတ်တွင်းမြို့နယ် သာထိန်းက အရေးယူလိုက်တဲ့ ဖြစ်စဉ် မနေ့က မတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ အုတ်တွင်းမြို့ ဈေးကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော်လည်းဖြစ်ပြီး မြို့နယ် သံဃာ့ဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)ရဲ့ တာဝန်ရှိသူလည်းဖြစ်တဲ့ဆရာတော် ဘဒ္ဒန္တ တေဇသီရိ ထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က ည ၁၀ နာရီခန့်က ကျောက်တလင်း ကျေးရွာနားမှာ အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ဘုန်းကြီးကားတစ်စီးက စက်ဘီးစီးနင်းနေတဲ့ အသက်(၂၅)နှစ်ခန့် အမျိုးသမီးတစ်ဦးကို ကားနဲ့တိုက်ပြီး ကျောက်တလင်းရွာထဲမောင်းပြေးရာမှ ဆက်မောင်းဖို့ လမ်းမရှိတော့တာကြောင့် လယ်ကွက်ထဲ ထိုးရပ်သွားပြီး ကားကိုထားခဲ့ကာ ဖိနပ်မပါ ခြေလျင် ထွက်ပြေးရာက ည ၁၂ နာရီခန့်မှာ အုတ်တွင်းမြို့အထွက် သုသာန်ကျောင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ တွေ့ရှိ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
“ဘုန်းကြီးတစ်ပါး မူးပြီး ဖိနပ်မပါဘဲ လျှောက်သွားနေတယ်လို့ ဘုန်းဘုန်းတို့ဆီ ဖုန်းသတင်းဝင်လာလို့ အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့ကသွားပြီး ထိန်းသိမ်းပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးကျောင်းတိုက်ကို ခေါ်ခဲ့တယ်။ ဆရာတော်ကြီးက စစ်မေးဖော်ထုတ်ချက်မှာ စက်ဘီးသမားကိုတိုက်ပြီးထွက်ပြေးတာရော၊ ရဟန်းတု ဖြစ်နေတာပါ ပေါ်တာ။ သာသနာ မှတ်ပုံတင်မှာ Correction နဲ့ ဖျက်ထားတဲ့ စာတွေအရရော။ နောက်ပြီး မူးနေတယ်” လို့ ဆရာတော် ဘဒ္ဒန္တ တေဇသီရိက မိန့်ပါတယ်။
အဆိုပါ ရဟန်းတုက ရှမ်းပြည်မှ ပြန်လာတယ်လို့ ပြောဆိုကာ နေပြည်တော်မှာ သူ့ကားရဲ့ နောက်ပိုင်းကို အတိုက်ခံခဲ့ရကြောင်း၊ သူကလည်း အုတ်တွင်းမှာ စက်ဘီးစီးသူကို တိုက်မိပြီး ကားကိုထားကာ ထွက်ပြေးလာကြောင်း၊ သူ သီတင်းသူံရာ ကျောင်းကို တောင်ငူမှာလို့ ဆိုသလို တစ်ခါထပ်မံပြီး လွိုင်ကော်မှာလို့ ပြောပြန်ကြောင်း၊ နောက်ဆုံး တောကျွဲအင်းမှာ ကျောင်းထိုင်ဖြစ်ကြောင်း ပြောပြန်ပြီး ပါရှိပစ္စည်းတွေစစ်ဆေးကြည့်တဲ့အခါ သက်တမ်းလွန် Passport စာအုပ်၊ လူပုဂ္ဂိုလ်ကဲ့သို့ လိင်မှုကိစ္စ ပြုလုပ်ကြောင်းအထောက်အထားတွေ၊ ထောက်ခံစာ အတုတွေကြောင့် လူဝတ်လဲကာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ နယ်ထိန်းလက် အပ်လိုက်ပြီး အရပ်သား ဥပဒေနဲ့ အရေးယူနိုင်ဖို့ အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရဟန်းတုရဲ့ ကားနဲ့တိုက်မိခဲ့တဲ့အသက် ၂၅ နှစ်အရွယ် အမျိုးသမီးမှာလည်း ထိခိုက်ပွန်းပဲ့ မူးဝေ ဒဏ်ရာ တွေရရှိခဲ့လို့ အုတ်တွင်းဆေးရုံ ပြင်ပ လူနာဌာနမှာ ကုသမှု ခံယူခဲ့ပြီး သက်သာတာကြောင့် ညတွင်းချင်းပဲ လူမှုကူညီရေးအသင်းကားနဲ့ အိမ်အရောက်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။
