
သတိုး
၂၉. ၃. ၂၀၂၆
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် အဆင့်မြှင့်တင်ထားသော ဒုံးပျံအင်ဂျင်၏ မြေပြင်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ပြီး ယင်းသည် တစ်ကမ္ဘာလုံး၏ မည်သည့်နေရာကိုမဆို တိုက်ခိုက်နိုင်မည့် လက်နက်အစီအစဉ်၏ အဓိကကျသော နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်လာခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်းတို့၏ လောင်စာခဲ (Solid-fuel)သုံး ဒုံးပျံအင်ဂျင်များကို တိုက်ချင်းပစ်ဒုံးကျည်များ (ICBMs) ပစ်လွှတ်ရန်အတွက် အသုံးပြုရန် စီစဉ်နေသည်ဟု ကာကွယ်ရေးကျွမ်းကျင်သူများက ယုံကြည်ကြသည်။ ဒုံးပျံကို မြန်မြန်နှင့် ဝေးဝေးရောက်အောင် တွန်းကန်ပစ်လွှတ်နိုင်သော အဆိုပါ အင်ဂျင်များသည် မပစ်လွှတ်မီ ပြင်ဆင်ချိန် အနည်းငယ်သာ လိုအပ်သဖြင့် ဒုံးကျည်များကို ပိုမိုမြန်ဆန်စွာ ပစ်လွှတ်နိုင်မည်ဖြစ်သည်။
နောက်ဆုံးပြုလုပ်ခဲ့သော စမ်းသပ်မှုသည် “ငါးနှစ်တာ အမျိုးသားကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအသစ်၏ အစိတ်အပိုင်း” ဖြစ်ကြောင်း ပြုံယမ်း၏ တရားဝင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သော်လည်း စမ်းသပ်သည့် ရက်စွဲနှင့် နေရာကိုမူ အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
ယခုစမ်းသပ်မှုသည် ပြီးခဲ့သည့် စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် တရားဝင်အတည်ပြုခဲ့သည့် မြှင့်တင်အားမြင့် လောင်စာခဲအင်ဂျင် စမ်းသပ်မှုဖြစ်သည်။ ထိုစဉ်က အင်ဂျင်၏ အမြင့်ဆုံးမြှင့်တင်အားမှာ ၁,၉၇၁ ကီလိုနယူတန် (Kilonewtons) ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဆိုသည်။ ယခုနောက်ဆုံးစမ်းသပ်မှုတွင်မူ ပိုမိုမြင့်မားသော မြှင့်တင်အား ၂,၅၀၀ ကီလိုနယူတန်အထိ ရရှိခဲ့ကြောင်း KCNA က သတင်းထုတ်ပြန်ခဲ့သည်။ (ဤပမာဏသည် အလေးချိန်အားဖြင့် တန်ချိန် ၂၅၀ ကျော်ကို အပေါ်သို့ တွန်းတင်နိုင်သည့် စွမ်းအားနှင့် ညီမျှသည်)
ဤဖွံ့ဖြိုးတိုးတက်မှုသည် “တစ်ကမ္ဘာလုံးရှိ ပစ်မှတ်များကို ထိမှန်နိုင်သော ဒုံးကျည်များ ပိုင်ဆိုင်ရန် မြောက်ကိုရီးယား၏ သန္နိဋ္ဌာန်” ကို ပြသနေခြင်းဖြစ်ကြောင်း ကိုရီးယားပေါင်းစည်းရေး အင်စတီကျုမှ လေ့လာဆန်းစစ်သူ ဟောင်မင်း (Hong Min) က AFP သို့ ပြောကြားခဲ့သည်။
”အမြင့်ဆုံးမြှင့်တင်အား တိုးလာတာကို ကြည့်ရင် ဒါဟာ တစ်ကမ္ဘာလုံးကို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးရှိတဲ့ ICBM တွေကို ပိုင်ဆိုင်ဖို့သာမက ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုပါ အသာစီးယူနိုင်ဖို့ ရည်ရွယ်ချက်ကို ဖော်ပြနေတာ ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
KCNA မှ ထုတ်ပြန်သော ဓာတ်ပုံများတွင် ခေါင်းဆောင် ကင်ဂျုံအွန်သည် အရာရှိများ ဝန်းရံလျက် အင်ဂျင်၏ အစိတ်အပိုင်းဟု ယူဆရသော အရာကို စစ်ဆေးနေသည်ကို တွေ့ရသည်။ အခြားပုံတစ်ပုံတွင် မြေပြင်၌ တပ်ဆင်ထားသော အင်ဂျင်မှ မီးတောက်များ ပန်းထွက်နေပြီး စမ်းသပ်ကွင်း တစ်ခုလုံးကို လိမ္မော်ရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေသည်ကို တွေ့ရသည်။
မြောက်ကိုရီးယား၏ ကာကွယ်ရေးစွမ်းဆောင်ရည်သည် ၎င်း၏ မဟာဗျူဟာမြောက် တပ်ဖွဲ့များကို တည်ဆောက်ရာတွင် “သိသာထင်ရှားသော အပြောင်းအလဲ ကာလတစ်ခု” သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် မြှင့်တင်အားနည်းသော အင်ဂျင်ဖြင့်ပင် အမေရိကန်ပြည်မကြီးသို့ ရောက်ရှိနိုင်သော ဒုံးကျည်ပစ်လွှတ်ရန် လိုအပ်သည့် အင်ဂျင်နည်းပညာကို ကျွမ်းကျင်ကြောင်း သက်သေပြပြီးဖြစ်သည်ဟု ကိုရီးယားကာကွယ်ရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အင်စတီကျုမှ လီဟိုရောင် (Lee Ho-ryung) က ပြောသည်။
”သူတို့က အဲဒီအဆင့်ကို ကျော်ဖြတ်ပြီးသားပါ” ဟု သူမက ဆိုသည်။
ယခုအခါ မေးခွန်းမှာ ဒုံးကျည်သည် အမေရိကန်သို့ ရောက်ရှိနိုင်ခြင်း ရှိ၊ မရှိ မဟုတ်တော့ဘဲ ထိပ်ဖူးအမြောက်အမြား (Multiple warheads) သယ်ဆောင်နိုင်ခြင်း ရှိ၊ မရှိသာ ဖြစ်ကြောင်း သူမက ဆိုသည်။
ထိပ်ဖူးအမြောက်အမြားတပ် ဒုံးကျည်တစ်စင်းသည် တစ်ကြိမ်တည်း ပစ်လွှတ်ရုံဖြင့် ပစ်မှတ်အမြောက်အမြားကို တိုက်ခိုက်နိုင်ပြီး ပြန့်ကျဲနေသော ထိပ်ဖူးများက ကာကွယ်ရေးစနစ်များကို ထိုးဖောက်သွားနိုင်မည် ဖြစ်သည်။
”ထိပ်ဖူးအမြောက်အမြားတပ် ဒုံးကျည်ဟာ ပိုပြီးလေးလံတဲ့အတွက် ပိုမိုမြင့်မားတဲ့ မြှင့်တင်အား လိုအပ်ပါတယ်” ဟု သူမက ဆိုသလို ”မြောက်ကိုရီးယားအနေနဲ့ ထိပ်ဖူးအမြောက်အမြားတပ် ICBM တစ်စင်းကို ပစ်လွှတ်နိုင်ကြောင်း ပြသဖို့အတွက် အဲဒီနည်းပညာကို ကျွမ်းကျင်ကြောင်း သက်သေပြနိုင်မယ့် စမ်းသပ်ပစ်လွှတ်မှုတစ်ခု လိုအပ်ပါလိမ့်မယ်။”ဟုလည်း ဆက်လက် သုံးသပ်သည်။
ပြုံယမ်းသည် ICBM ဒုံးကျည်တစ်စင်းကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စမ်းသပ်ပစ်လွှတ်ခဲ့သည်။
KCNA ၏ သီးခြားသတင်းတစ်ရပ်အရ ကင်ဂျုံအွန်သည် အထူးတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းတစ်ခုသို့လည်း သွားရောက်ခဲ့ပြီး စစ်သားများက ပုဆိန်နှင့် တူကြီးများအပါအဝင် လက်နက်များ ကိုင်ဆောင်ကာ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ပြသမှုသည် “တိုက်ခိုက်ရေးသမား တစ်ရာကို သံလက်သီးဖြင့် တစ်ယောက်တည်း ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသည့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ကို ပြသခဲ့ခြင်းဖြစ်သည်” ဟုလည်း KCNA က ဖော်ပြခဲ့သည်။
Ref : FRANCE 24 with AFP, AP
