
သက်တံ့
၂၉. ၃. ၂၀၂၆
ဆီပုံးများဖြင့် ဒီဇယ်ဆီရောင်းချပေးရန် ငြင်းဆိုခံရပြီးနောက် သုသာန်အလုပ်သမားတစ်ဦးသည် မိမိအနေဖြင့် ဆီများကို သိုလှောင်ရန်မဟုတ်ဘဲ အလောင်းမီးသင်္ဂြိုဟ်ရန် အမှန်တကယ်လိုအပ်နေခြင်းဖြစ်ကြောင်း သက်သေပြရန်အတွက် ယနေ့တွင် အလောင်းနှင့် အခေါင်းကို ဆီဆိုင်သို့ သယ်ဆောင်လာကာ ဆီဝယ်ယူခဲ့ရာမှ ဆီဆိုင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။
အသက် ၄၈ နှစ်အရွယ်ရှိ ပရီချာ (Preecha) ဟု သိရသည့် အဆိုပါအမျိုးသားသည် အလောင်းမီးသင်္ဂြိုဟ်ရန်အတွက် လောင်စာအဖြစ် လိုအပ်သည်ဟု ရှင်းပြသော်လည်း ဆီဆိုင်ဝန်ထမ်းများက ပုံးများဖြင့် ဒီဇယ်ဆီရောင်းချရန် ငြင်းဆိုခဲ့သည့်အပေါ် ၎င်း၏ စိတ်ပျက်မှုကို ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။

နောက်ပိုင်းတွင် ၎င်းသည် လူသေအလောင်းထည့်ထားသည့် အခေါင်းကို နိဗ္ဗာန်ယာဉ်ပေါ်တင်ကာ ၁၈ လီတာဆံ့ ဆီပုံး ၃ ပုံးနှင့်အတူ ဆီဆိုင်သို့ ပြန်လာခဲ့ပြီး ဆီများကို မီးသင်္ဂြိုဟ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း လက်တွေ့ပြသခဲ့သည်။ ဝန်ထမ်းများက ဆီဆိုင်မန်နေဂျာနှင့် တိုင်ပင်ပြီးနောက်မှသာ ဆီပုံးများကို ဖြည့်တင်းပေးရန် သဘောတူခဲ့ကြသည်။
သတင်းထောက်များသည် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဘန်ဘွန်း (Ban Bueng) ခရိုင်မှ အဝေးပြေးလမ်းမ ၃၄၄ အနီးရှိ ဘုရားကျောင်းတစ်ခု၌ မီးသင်္ဂြိုဟ်စက် မောင်းနှင်သူအဖြစ် အလုပ်လုပ်ကိုင်နေသည့် ပရီချာနှင့် တွေ့ဆုံခဲ့သည်။ ကွယ်လွန်သူ၏ မိသားစုမှာ ငွေကြေးအခက်အခဲရှိနေသလို ဆေးရုံအနေဖြင့်လည်း အလောင်းထားရှိသည့်နေရာ လွတ်ရန်လိုအပ်နေသဖြင့် မီးသင်္ဂြိုဟ်ရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များက သုသာန်မြေနေရာများကို ရှင်းလင်းနေသဖြင့် မြေမြှုပ်သင်္ဂြိုဟ်ရန်မှာ ချက်ချင်းမဖြစ်နိုင်သေးဘဲ ကြန့်ကြာနေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ အလှူရှင်တစ်ဦးက မီးသင်္ဂြိုဟ်ရန်အတွက် လိုအပ်သော လောင်စာဆီဖိုး ငွေကြေးကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ပရီချာသည် အဆိုပါဆီဆိုင်မှပင် ဆီပုံးများဖြင့် ဒီဇယ်ဆီဝယ်ယူနေသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများနှင့် ဆက်နွှယ်နေသည့် မကြာသေးမီက လောင်စာဆီပြတ်လပ်မှုများကြောင့် စည်းကမ်းချက်များ ပိုမိုတင်းကျပ်လာခဲ့ပြီး ဆီများကို အလဟဿသိုလှောင်မည်ကို စိုးရိမ်သဖြင့် ဆီဆိုင်ဝန်ထမ်းများက ပုံးဖြင့်ရောင်းချရန် ငြင်းဆိုခဲ့ခြင်း ဖြစ်ပုံရသည်။
”ဒီနေ့ (မတ်လ ၂၉ ရက်)မှာ မီးသင်္ဂြိုဟ်ဖို့အတွက် ကျွန်တော် ဆီတကယ်လိုအပ်နေတာပါ” ဟု ၎င်းက ပြောကြားပြီး၊ အခေါင်းအတွင်း၌ အလောင်းပါရှိကြောင်း အတည်ပြုနိုင်ရန်အတွက် အခေါင်းကို ဆီဆိုင်သို့ သယ်ဆောင်လာကာ ဖွင့်ပြခဲ့ရခြင်းဖြစ်ကြောင်းနှင့် ဆီများကို သိုလှောင်ထားရန် ရည်ရွယ်ချက်မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
Ref: Khaosod
