




၂၉.၃.၂၀၂၆
Written by Nay Yaung
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးနှင့် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး မနက်ဖြန်(မတ် ၃၀ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယသမ္မတလောင်းများ အဆိုပြုကြမည်ဖြစ်ကြောင်း ယင်းအစည်းအဝေး ပထမနေ့အစီအစဉ် (လျာထားချက်)အရ သိရသည်။
ဦးစွာ ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နေရာယူပြီးနောက် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့အစီအစဉ်များကို ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော်၏ ဒုတိယသမ္မတလောင်း အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြကြမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုလွှာဖြင့် တင်ပြသော ဒုတိယသမ္မတလောင်းများ အမည်စာရင်းကို ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပြုလွှာများကို ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌက စိစစ်နိုင်ရန်နှင့် ဒုတိယသမ္မတလောင်း အမည်စာရင်းကိုပြုစုနိုင်ရန် အစုအဖွဲ့အစည်းအဝေးကို တစ်ရက်ရပ်နားမည် ဖြစ်ကြောင်းနှင့် အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နည်းတူ အမျိုးသားလွှတ်တော်တွင်လည်း နံနက် ၁၀ နာရီတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူပြီးနောက် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ပထမနေ့ အစီအစဉ်များကို ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အမျိုးသားလွှတ်တော်၏ ဒုတိယသမ္မတလောင်း အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြကြမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ မရှိစိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
