၂၅. ၃. ၂၀၂၆
Written by Nyein Kyaw
ယခု ၂၀၂၆ ခုနှစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို နေပြည်တော်ရင်ပြင်၌ အစိုးရသစ်၏ ပထမဦးဆုံး နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာထားသည်။
ယခုနှစ် ကျင်းပမည့် ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပို၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအတူ ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့်အတူတကွ ဆင်နွှဲကြမည့် အနှစ်သာရရှိသည့် ပွဲတော်ကြီးတစ်ခုလည်းဖြစ်သည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဝန်ထမ်းများနှင့် ပြည်သူများ စိတ်အေးချမ်းသာ ပျော်ရွှင်စွာဆင်နွှဲ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုပါ သိရှိနိုင်စေရန်အတွက် သင်္ကြန်မဏ္ဍပ်ဇုန်များ၊ ဖျော်ဖြေရေးဇုန်များ၊ သနပ်ခါးသင်္ကြန်ဇုန်များအပြင် လက်ဖက်နှင့် ရိုးရာထမနဲထိုး တည်ခင်းဧည့်ခံသည့် ပြကွက်များကိုလည်း ဇုန်များအလိုက်ထည့်သွင်း၍ ခမ်းနားစွာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များအပြင် ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပေါ်လွင်စေမည့် အစီအစဉ်ကောင်းများစွာလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန/အဖွဲ့အစည်းများကလည်း အဆိုပါ လမ်းလျှောက်သင်္ကြန်တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းတွင်လည်း အလားတူလမ်းလျှောက်သင်္ကြန် ပွဲတော်များကို ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များကို နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်း၌ ထည့်သွင်းကျင်းပရာတွင် အနုပညာရှင်များ၏ သွားလာရေးအတွက် သီးခြားရထားလက်မှတ်များ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။




