နေမိုး
၂၅. ၃. ၂၀၂၆
ပြည်သူတွေနဲ့ PDF အချင်းချင်းကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေသလို နိုင်ငံပိုင်ဆင်သုံးကောင် ရောင်းစားတဲ့အပြင် ကျွန်းသစ်တွေပါ ခိုးထုတ်နေတဲ့ ယောလက်နက်ကိုင် YDF ဟာ သူကျူးလွန်ထားတဲ့ ပြစ်မှုတွေ ပေါ်ပေါက်လို့ ဝိုင်းဝန်းရှုတ်ချခံနေရချိန်မှာ လေကြောင်းဆက်တိုက် တိုက်ခိုက်ခံနေရလို့ ခုနစ်ဦးသေဆုံးဒဏ်ရာရပါတယ်လို့ အာရုံလွှဲ ငိုချင်းချတဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်လာပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာ YDF အဖွဲ့ဟာ တည်ထောင်သူ မြတ်သူ လက်ဝါးကြီးအုပ်ထားတဲ့ ဘဏ္ဍာငွေလက်ဝါးကြီးအုပ်မှု၊ လက်နက်ကိုင်အဖွဲ့ ဖွဲ့ပြီး တစ်ဦးတည်းသဘောနဲ့ ထင်ရာစိုင်းမှုတွေနဲ့ PDF တွေ YDF တွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာကြောင့် YDF မြေပြင်စစ်ဒေသရုံးဆိုပြီး ဦးဆောင်ခွဲထွက်တဲ့ ဗိုလ်ကြီး ကောင်းကောင်း၊ တပ်ကြပ် စိုင်းဇော်ဝင်း သေပြီး တပ်ကြပ်ကြီး မျိုးအောင် (ကျောင်းဆရာ CDM ) နဲ့ ရဲဘော်မိုင်းပီးတို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာများစွာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်ဆိုချိန်မှာ YDF မြတ်သူဦးဆောင်တဲ့ YDF ဗဟိုစစ်ရုံးချုပ်ကို ရှုတ်ချမှုတွေနဲ့ သူကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေ ပြန်လည်ပေါ်ပေါက်လာတာပါ။
မြတ်သူဟာ သူတည်ထောင်တဲ့ YDF ဗဟိုစစ်ရုံးချုပ်ကို ဦးဆောင်ပြီး လက်နက်အားကိုးနဲ့ ပြည်သူပိုင်ဆင်သုံးကောင် ရောင်းစားတာ၊ ကျွန်းသစ်ခိုးထုတ်တာ၊ တပ်တည်ထောင်စကတည်းက ဘဏ္ဍာငွေရှင်းတမ်းမထုတ်တာ၊ YDF တပ်ဖွဲ့ဝင် PDF တွေနဲ့ မိသားစုတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာအပြင် NUG ဩဇာခံ PDF တွေကိုပါ ဖမ်းဆီး နှိပ်စက်တာ၊ ကျေးရွာပကဖတွေကို လိမ်လည်ပြီး စစ်မှုထမ်းခိုင်းတာ၊ ဂန့်ဂေါမြို့နယ်၊ သာကောင်းကျေးရွာ နှစ်တစ်ရာပြည့် ဘုရားပွဲကို အင်အား (၈၀) ခန့်သုံးပြီး ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျေးရွာကို အကြောင်းမဲ့ (ပြဿနာတစ်စုံတစ်ရာမရှိဘဲ) ပစ်ခတ် ဖျက်ဆီးခဲ့တာနဲ့ သာကောင်းကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးကျော်လွင်ကို မတရားဖမ်းဆီးခဲ့ပြီး ဒီနေ့အချိန်ထိ တာဝန်ယူမှု မရှိတာ၊ မြတ်သူဦးဆောင်တဲ့ YDF အဖွဲ့ဟာ လက်နက်ကိုင် ရမ်းကားနေလို ယောပြည်သူတွေ သတိထား သွားလာကြဖို့ YDF မြေပြင် စစ်ဒေသရုံးက ထုတ်ပြန် ရှုတ်ချလာတာပါ။
ဒီလို လူသတ်မှုတွေ၊ ပြည်သူကို အနိုင်ကျင့်မှုတွေ၊ သယံဇာတခိုးထုတ်မှုတွေ ပေါ်လာချိန်မှာ မြတ်သူက သူကျူးလွန်ထားမှုတွေ ဖုံးဖိနိုင်ဖို့နဲ့ သူ့စခန်းတွေ အတိုက်ခံရတာက YDF မြေပြင်စစ်ဒေသရုံးက လုပ်တာပါလို့ လွှဲချနိုင်ဖို့ သူ့စခန်းတွေ လေကြောင်းတိုက်ခိုက်ခံနေရလို့ ခုနစ်ဦးသေဆုံးဒဏ်ရာရတယ်လို့ ထုတ်ပြန်လာတာပါ။
YDF ဟာ သူ့စခန်းတွေ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ် ၅ ခုကို ဖော်ပြရာမှာ ၂၀၂၆ ခုနှစ်ထဲ ဖြစ်စဥ်သုံးခုပါဝင်ပြီး ဇန်နဝါရီ ၂၅ ရက်၊ မတ်လ ၁၆ ရက်နဲ့ မတ်လ ၂၄ ရက်မှာ သူ့စခန်းတွေ တိုက်ခိုက်ခံရလို့ နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရပြီး ကျပ်သိန်း ၅၀၀၀ အထက် စခန်းတွေ၊ ရိက္ခာတွေ၊ စစ်လက်နက်တွေ ပျက်စီးဆုံးရှုံးခဲ့ရလို့ အဓိကစစ်ရေးပစ်မှတ်ဖြစ်နေတယ်လို့ ငိုချင်းချနေပေမဲ့ အများစုကတော့ မယုံကြည်ဘဲ ထုတ်ပြန်ချက်အောက်မှာ လှောင်ပြောင်နေကြပါတယ်။






