၂၄.၃.၂၀၂၆
Translated by Htwe Ko Tun
ကိုလံဘီယာနိုင်ငံမှာ လူ ၁၂၅ ဦးတင်ဆောင်လာတဲ့ C-130 စစ်ဘက်ဂျက်လေယာဉ်တစ်စီးဟာ နိုင်ငံတောင်ပိုင်းအမေဇုန်ဒေသမှာ မတ်လ ၂၃ ရက်က ပျက်ကျခဲ့တာမှာ အနည်းဆုံး လူ ၆၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒေသဆိုင်ရာအစိုးရအဖွဲ့အတွင်းရေးမှူး ကာလို့စ် ကလာရော့စ်က ကိုလံဘီယာလေတပ်မှ C-130 လေယာဉ်ဟာ ကိုလံဘီယာအနောက်တောင်ပိုင်းမှာ ပျံတက်ပြီး မကြာမီမှာ ပွာတို လီဂွီဇာမိုမြို့ အနီးမှာ ပျက်ကျခဲ့တယ်လို့ RCN ရုပ်မြင်သံကြားဌာနကို ပြောခဲ့ပါတယ်။


ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ပက်ဒရို ဆန်းချက်ဇ်က Lockheed Martin ကုမ္ပဏီမှ တည်ဆောက်တဲ့ Hercules C-130 လေယာဉ်သည် ပီရူးနိုင်ငံနဲ့ နယ်စပ်ရှိ ပွာတို လီဂွီဇာမိုမြို့ မှ ပျံတက်ချိန်မှာ မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ရက် X မှာ အစောပိုင်းက ပြောကြားခဲ့ပါတယ်။
လေယာဉ်ဟာ ပျံတက်နေတုန်း ပြေးလမ်းအဆုံးအနီးမှာ သက်ရောက်ထိခိုက်မှုတစ်ခုရှိခဲ့တယ်လို့ ယုံကြည်ရပြီး လေယာဉ်ပျက်ကျလို့ မီးလောင်ကာ လေယာဉ်ပေါ်ရှိ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းအချို့ ပေါက်ကွဲခဲ့ရတယ်လို့ မီးသတ်သမား အီဒူရာဒို ဆန်ဂျွန် ကယ်လီဂျာ့စ်က ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပက်ထရိုက X တွင် ပို့စ်တစ်ခုမှာ လေယာဉ်ပေါ်ပါသူတွေအနက် လူ ၄၀ ကျော်ရဲ့ အခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ ပြောကြားခဲ့သလို လူ ၇၇ ဦးဆေးရုံတင်ထားရတယ်လို့လည်း ပြောခဲ့ပါတယ်။
လူမှုမီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ကိုလံဘီယာလေတပ်ဦးစီးချုပ် ဖာနန်ဒို ဆေးလ်ဗားက လေယာဉ်ပေါ်မှာ ခရီးသည် ၁၁၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၁ ဦး လိုက်ပါလာပြီး အာဏာပိုင်တွေက လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
နောက်ဆုံးသတင်းများအရ စစ်ဘက်သတင်းအရင်းအမြစ်တစ်ခုက သေဆုံးသူ စစ်သား ၅၈ ဦး၊ လေတပ်သား ခြောက်ဦးနဲ့ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ ရှိတယ်လို့ ပြောကြားခဲ့ရာ လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၆၆ ဦး ရှိသွားပြီဖြစ်ပါတယ်။
Ref -Kathmandu Post
