သက်တံ့
၂၄. ၃. ၂၀၂၆
ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးသော နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ရုရှားနှင့် ဗီယက်နမ်တို့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားအစိုးရက တနင်္လာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုစတင်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်းချင်းတို့သည် ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) ၏ ညွှန်ကြားရေးမှူးချုပ် အလက်ဆီ လီကာချက်ဗ် (Alexey Likhachev) နှင့်အတူ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဤစီမံကိန်းသည် အဆင့်မြင့်နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့်အပြင် အခြေခံနှင့် အသုံးချ သိပ္ပံသုတေသနလုပ်ငန်းများကိုပါ မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ဝန်ကြီးချုပ် မီရှုစတင်က အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဗီယက်နမ်သတင်းဌာန (VNA) ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ် ဖန်မင်းချင်းသည် ရုရှားဝန်ကြီးချုပ် မီရှုစတင်၏ ဖိတ်ကြားချက်အရ မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်နေသည်။
Ref : Xinhua
