သတိုး
၂၃. ၃. ၂၀၂၆
မိသားစု၏ အဓိကထောက်တိုင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် သားဖြစ်သူသည် အလုပ်အပြန် လမ်းခရီးတွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားကာ ကွယ်လွန်သွားခဲ့သော်လည်း ယနေ့ မတ်လ ၂၃ ရက် နံနက် ၇ နာရီ ၅၆ မိနစ်ခန့်အချိန်တွင် ၎င်း၏ မိဘနှစ်ပါးက သားဖြစ်သူ၏ အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြသဖြင့် အခြားသော လူနာ ၅ ဦး၏ ဘဝကို အသက်ဆက်ပေးနိုင်ခဲ့သည့် သတင်းကောင်းတစ်ပုဒ် ထိုင်းနိုင်ငံတွင် ထွက်ပေါ်လာခဲ့သည်။
ယနေ့ (မတ် ၂၃ ရက်) တွင် ဖက်ချာဘွန်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကော့ချိုင်း (Dr. Kobchai Jirachanchai) သည် ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဆေးရုံကိုယ်စား ကိုယ်အင်္ဂါအစိတ်အပိုင်းများလှူဒါန်းသည့် ကွယ်လွန်သူ မစ္စတာ စူရာကစ် ကမ်ယို (Mr. Surakit Kham-yok) အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လွမ်းသူ့ပန်းခွေကို မိဘနှစ်ပါးဖြစ်သူ အသက် ၅၁ နှစ်အရွယ် မစ္စတာ နော့ဖစစ်နှင့် အသက် ၄၉ နှစ်အရွယ် မစ္စ နမ်းအွိုင်းတို့ထံ ပေးအပ်ခဲ့သည်။

ဆေးရုံအုပ်ကြီး၏ ပြောကြားချက်အရ လူနာဖြစ်သူ စူရာကစ်သည် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားကာ ဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဦးနှောက်အတွင်း သွေးယိုစီးမှု ပြင်းထန်သလို ဦးနှောက်ကလာပ်စည်း (Brainstem) ထိခိုက်သွားခဲ့သဖြင့် ခွဲစိတ်ကုသရန် မဖြစ်နိုင်တော့ကြောင်း သိရသည်။ နောက်ပိုင်းတွင် လူနာမှာ ဦးနှောက်သေဆုံးသွားခဲ့ပြီး ဆေးပညာအရ သေဆုံးပြီဟု သတ်မှတ်ခဲ့ရသည်။
ထို့ကြောင့် ဆေးရုံရှိ အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုဗဟိုဌာနမှ တာဝန်ရှိသူများက မိသားစုဝင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် မိဘများက သားဖြစ်သူအတွက် ကုသိုလ်ထူးရရှိစေရန် ဝမ်းမြောက်ဝမ်းသာ လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
လှူဒါန်းခဲ့သည့် အစိတ်အပိုင်းများမှာ နှလုံးအဆို့ရှင်၊ ကျောက်ကပ် ၂ ခုနှင့် မျက်ကြည်လွှာ ၂ ခု တို့ဖြစ်ပြီး အင်္ဂါအစိတ်အပိုင်း အစားထိုးရန် စောင့်ဆိုင်းနေသည့် လူနာ ၅ ဦး၏ ဘဝအရည်အသွေးကို ပိုမိုကျန်းမာလာအောင် မြှင့်တင်ပေးနိုင်ခဲ့သည်။
ဒေါက်တာ ကော့ချိုင်းက “အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဟာ အလွန်မြင့်မြတ်တဲ့ ကုသိုလ်ပါ။ တချို့က နောင်ဘဝမှာ အင်္ဂါမစုံမှာကို စိုးရိမ်ပြီး မလှူချင်ကြတာမျိုး ရှိပေမဲ့ ဒါဟာ အယူအဆအမှားသာ ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုလှူဒါန်းခြင်းက လူတစ်ယောက်ကို အလင်းရောင်ပြန်မြင်စေတာ၊ အသက်ဆက်ပေးတာမျိုးမို့ အကြီးမားဆုံးသော ဒါနဖြစ်ပါတယ်” ဟု ဆိုသည်။


စူရာကစ်၏ ဖခင်ဖြစ်သူ နော့ဖစစ်က သားဖြစ်သူအကြောင်းကို ရင်ဖွင့်ရာတွင် “သားက မိသားစုရဲ့ ထောက်တိုင်ပါ။ သူက ဖက်ချဘွန်းမြို့ထဲက ညဘက်ဖွင့်တဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ ည ၂ နာရီ အလုပ်ဆင်းရင် ဆိုင်ကယ်နဲ့ပြန်လာတာ အိမ်ကို ၃ နာရီလောက်မှ ရောက်ပါတယ်။ သူရတဲ့ လစာနဲ့ မိသားစုကို လုပ်ကျွေးသလို အခုမှ ပထမတန်း (Grade 1) မှာ ကျောင်းတက်နေတဲ့ သူ့ရဲ့ ညီလေးကိုလည်း ပြုစုစောင့်ရှောက်ပေးနေသူပါ” ဟု ပြောကြားခဲ့သည်။
ဆိုင်ကယ်တိမ်းမှောက်သည့် မတော်တဆမှုမှာ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သားဖြစ်သူ ဦးနှောက်သေဆုံးသွားပြီဟု မတ်လ ၂၃ ရက်နံနက်တွင် ဆရာဝန်က အသိပေးချိန် မိခင်နှင့်ဖခင် တိုင်ပင်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ဒီကုသိုလ်ကြောင့် သားလေး နောင်ဘဝမှာ ကောင်းရာသုဂတိ ရောက်ပါစေ။ နောင်ဘဝဆိုရင် သူ့မိဘတွေလိုမျိုး မဆင်းရဲဘဲ ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်” ဟု ဖခင်ဖြစ်သူက ဆိုသည်။
ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို မိခင်ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ထားရှိထားပြီး၊ မတ်လ ၂၆ ရက်နေ့တွင် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Ref – Khaosod
