၂၃.၃.၂၀၂၆
Written by Thiri
လမ်းဘေးကားရပ်ကာ ဘီးပေါက်တာကို လဲလှယ်ပြုပြင်နေတဲ့ တွဲကားတစ်စီးရဲ့ ယာဉ်မောင်းကို ဟွန်ဒိုင်း (ကိုရီးယားနိုင်ငံထုတ်) ခရီးသည်တင်ယာဉ်ငယ်တစ်စီးက ဘရိတ်ပေါက်ကာ ဝင်တိုက်လို့ တွဲကားယာဉ်မောင်း နေရာတင်သေဆုံးခဲ့ပြီး ယာဉ်ငယ်ပေါ်က ခရီးသည် ၆ ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က မတ်လ ၂၂ ရက်နေ့က မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
ဖြစ်စဉ်က မနေ့က မတ်လ ၂၂ ရက် နေ့လယ် ၂ နာရီ မိနစ် ၃၀ အချိန်က ဝမ်းတွင်းမြို့၊ ရွှေတောင်ကျေးရွာတောင်ဘက်မှာ တွဲကားတစ်စီးကို ခရီးသယ်တင်ယာဉ်ငယ်တစ်စီးက ဝင်တိုက်မူဖြစ်ပွားရာ ခရီးသည်တင်ယာဥ်ပေါ်မှ ထိခိုက်ဒဏ်ရာရှိသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ရာ သေဆုံးသူ အမျိုးသားမှာ တွဲကားမှ ယာဉ်မောင်းဖြစ်ပြီး ကားဘီးပေါက်လို့ ပြုပြင်စဉ် အခုလို ခရီးသည်တင်ယာဉ်က ဝင်တိုက်ကာ အသက်ဆုံးရတာ ဖြစ်တယ်လို့လည်း မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ သန္တိသုခ လူမှုကူညီရေးအသင်း (ဝမ်းတွင်း) မှ တာဝန်ရှိသူထံက သိရပါတယ်။
အခင်းဖြစ်ပွားနေရာမှာ သေဆုံးတဲ့ အမျိုးသားရဲ့ရုပ်အလောင်းကို ဝမ်းတွင်းမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံဆီ သန္တိသုခ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူတွေကိုလည်း ဝမ်းတွင်းဆေးရုံကတစ်ဆင့် မိတ္ထီလာဆေးရုံဆီ ထပ်မံလွှဲပြောင်းပေးခဲ့တာမို့ သွားရောက်ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
