သက်တံ့
၂၃. ၃. ၂၀၂၆
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် နည်းစနစ် ဒါရိုက်တာ၊ တွဲဖက် နည်းစနစ်ဒါရိုက်တာ၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် စသည့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့သည့် ငွေခေတ်မြန်မာ့လက်ရွေးစင်နှင့် ဘဏ္ဏာအခွန်အသင်း ကစားသမားဟောင်း ဦးတင်မြင့်အောင် (အသက်-၅၉)နှစ်သည် ယနေ့ မနက်ပိုင်းက ၉၆ ပါးသော ရောဂါဖြင့် ဘဝတစ်ပါးသို့ကူးပြောင်းသွားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ဦးတင်မြင့်အောင်သည် ကစားသမားဘဝတွင် တက္ကသိုလ် လက်ရွေးစင်အသင်း၌ ၁၉၈၅ မှ ၁၉၉၄ ခုနှစ်အထိ ကစားခဲ့ပြီးနောက် ၁၉၈၇ မှ ၂၀၀၀ ခုနှစ်အထိ ပထမတန်းကလပ် ဘဏ္ဏာ/အခွန်၊ ယင်းနောက် ၁၉၈၉ မှ ၁၉၉၁ အထိ မလေးရှားကလပ် Armed Forces FC တို့တွင် ပရော်ဖက်ရှင်နယ်အဖြစ် ကစားခဲ့သည်။ ၁၉၈၉ မှ ၂၀၀၀ ပြည့်နှစ်အထိ မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၁၉၉၃ ဆီးဂိမ်းစ် ငွေတံဆိပ်ဆု ရရှိခဲ့ကာ ဘဏ္ဏာအခွန်အသင်းနှင့်အတူ ပြည်တွင်းချန်ပီယံဆုများလည်း ရရှိခဲ့သလို ၁၉၉၇ ခုနှစ်တွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူဖြစ်သည်။
နည်းပြဘဝအား ၂၀၀၂ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် စတင်ခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းနည်းပြချုပ်၊ မြန်မာ ယူ ၂၃ အသင်း နည်းပြချုပ် တာဝန်များအား ထမ်းဆောင်ခဲ့သလို Ayeyarwady United FC အသင်းနည်းပြချုပ်အဖြစ်လည်း တာဝန်ယူခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် နည်းပြတာဝန်များသာမက လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့သလို နည်းစနစ်ဆိုင်ရာ တာဝန်များကိုလည်း ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများနှင့်အတူ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် တွဲဖက်အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အသင်းမန်နေဂျာအဖြစ်လည်းကောင်း အုပ်ချုပ်မှုဆိုင်ရာတာဝန်များ ထမ်းဆောင်ခဲ့သလို နည်းပြလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူဆောင်ရွက်ခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ် MA Instructor အဖြစ်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် နည်းပြသင်တန်းများအား ဦးဆောင်ပို့ချပေးခဲ့သည့်အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖြစ်လည်း တာဝန်ယူခဲ့ပြီး နည်းစနစ်ကော်မတီ လုပ်ငန်းတာဝန်များလည်း ထမ်းဆောင်ခဲ့သည်။
ဦးတင်မြင့်အောင်သည် မြန်မာ့ဘောလုံးလောကတွင် ကစားသမား၊ နည်းပြ၊ နည်းစနစ်၊ စီမံအုပ်ချုပ် စသည့်ကျရာ နေရာအသီးသီးတွင် အကောင်းဆုံး ကြိုးစားစွမ်းဆောင်ပေးခဲ့သူတစ်ဦးဖြစ်သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က MFF Service Award ဆုကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်တွင် ချီးမြှင့်ပေးအပ်ခဲ့သည်။
ဦးတင်မြင့်အောင် ကွယ်လွန်သွားခြင်းသည် မြန်မာ့ဘောလုံးလောအတွက် ဆုံးရှုံးနစ်နာမှုတစ်ခုဖြစ်ပြီး အဖွဲ့ချုပ်အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ဦးတင်မြင့်အောင် ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့က ဆုတောင်းမေတ္တာ ပို့သပေးထားသည်။
