သက်တံ့
၂၃. ၃. ၂၀၂၆
မလေးရှားနယ်ခြားစောင့်တပ် (GOF) သည် မကြာသေးမီက ကလန်တန်ပြည်နယ်၊ ကိုတာဘာရူးနှင့် တန်ပတ်ခရိုင် (Tumpat) တို့တွင် ယနေ့ ပြုလုပ်ခဲ့သော သီးခြားစစ်ဆင်ရေးနှစ်ခုအတွင်း မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးခဲ့သလို ရင်းဂစ် ၇၅၀,၀၀၀ တန်ဖိုးရှိ လျှပ်စစ်စီးကရက် (E-cigarettes) များကိုလည်း သိမ်းဆည်းရမိခဲ့သည်။
အရှေ့တောင်ပိုင်းတပ်ဖွဲ့မှူး SAC Ahmad Radzi Hussain ၏ ပြောကြားချက်အရ အဆိုပါစစ်ဆင်ရေးများကို Ops Taring Wawasan Kelantan (OTWK) စီမံချက်ဖြင့် အမှတ် (၈) တပ်ရင်း၊ ကိုတာဘာရူး တော်ဝင်မလေးရှားအကောက်ခွန်ဌာန (JKDM) နှင့် တန်ပတ်ခရိုင် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်တစ်ခုဖြစ်သည့် အီးစီးကရက် အမြောက်အမြား သိမ်းဆည်းရမိမှုတွင် ယနေ့ မတ် ၂၃ ရက်ကူးစ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်၌ ကိုတာဘာရူးမြို့ရှိ တမန် ဘဟာဂီယာရပ်ကွက်အနီးရှိ တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာတွင် အိမ်နီးချင်းနိုင်ငံသို့ မှောင်ခိုတင်ပို့ရန် ရည်ရွယ်ထားသည့် အီးစီးကရက် အမြောက်အမြားကို တွေ့ရှိခဲ့သည်။
”သံသယရှိဖွယ် အမျိုးသားတစ်ဦးသည် ဂိုဒေါင်တစ်ခုကို ဖွင့်ရန် ကြိုးပမ်းနေစဉ် လုံခြုံရေးအဖွဲ့ကို မြင်တွေ့သွားသဖြင့် ထွက်ပြေးလွတ်မြောက်သွားပြီး လက်ရှိတွင် လွတ်မြောက်လျက်ရှိသည်” ဟု ၎င်းက ဆိုသည်။
ထိုဂိုဒေါင်ကို ဆက်လက်စစ်ဆေးရာတွင် အီးစီးကရက် စက်ပစ္စည်း ၁,၈၀၀ ခုနှင့် အီးစီးကရက်အရည် (Cartridges) ၃,၈၀၀ ခု (စုစုပေါင်း ၁၁၄ လီတာ) တို့ကို သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ရင်းဂစ် ၇၅၀,၀၀၀ ဖြစ်ပြီး ၁၉၆၇ ခုနှစ် အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၃၅(၁)(ဃ) အရ စစ်ဆေးလျက်ရှိသည်။
အခြားဖြစ်စဥ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရမှု ဖြစ်စဉ်တွင် ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်၌ တန်ပတ်မြို့၊ ကန်ပန်ချတ်ရပ်ကွက်တွင် ကင်းလှည့်နေသော တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်နှစ်စီးကို တားဆီးစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးချိန် တရားဝင် အထောက်အထားစာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသား ၁၄ ဦး ကို ယာဉ်ပေါ်တွင် တွေ့ရှိခဲ့ပြီး ဖမ်းဆီးခဲ့သည်။
ထို့အတူ လူကုန်ကူးသူများအဖြစ် သံသယရှိရသည့် ဒေသခံယာဉ်မောင်း နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ဖမ်းဆီးခံရသူများကို ဂျိုဟိုးပြည်နယ်သို့ ပို့ဆောင်ပေးရန် တစ်ခေါက်လျှင် ရင်းဂစ် ၅၀၀ ရရှိကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။
ဖမ်းဆီးခံရသူအားလုံးနှင့်အတူ ရင်းဂစ် ၁၇၀,၀၀၀ ခန့် တန်ဖိုးရှိသော မော်တော်ယာဉ်နှစ်စီးနှင့် လက်ကိုင်ဖုန်း ၂၀ လုံးကိုလည်း သိမ်းဆည်းခဲ့သည်။ လက်ရှိတွင် ၎င်းတို့ကို ၂၀၀၇ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးအက်ဥပဒေ (ATIPSOM) ပုဒ်မ ၂၆-J နှင့် ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) တို့ဖြင့် အရေးယူရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Ref: Bernama
