၂၃.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်မဖွင့်ရင် အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်ဖျက်ဆီးရလိမ့်မယ်လို့ မတ်လ ၂၁ ရက်က ခြိမ်းခြောက်ခဲ့အပြီးမှာတော့ အီရန်အစိုးရကလည်း အမေရိကန်ကသာ အီရန်ရဲ့ စွမ်းအင် အခြေခံအဆောက်အအုံကို တိုက်ခိုက်လာရင် ပင်လယ်ကွေ့ဒေသအတွင်း စွမ်းအင်နဲ့ ပင်လယ်ရေကို ရေချိုဖြစ်အောင်သန့်စင်တဲ့စက်ရုံတွေကို တန်ပြန်တိုက်ခိုက်ရလိမ့်မယ်လို့ မတ်လ ၂၂ ရက်မှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
အီရန်အနေနဲ့ အမေရိကန်ရဲ့ ခြိမ်းခြောက်လာမှုတွေကို အလျှော့မပေးဘဲ တုံ့ပြန်လာမှုတွေကြောင့်လည်း ဒီစစ်ပွဲက ကြာရှည်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
တစ်ပြိုင်ထဲမှာပဲ အမေရိကန်အစိုးရဟာ အီရန်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုဆီသို့ ဦးတည်ရန် နည်းလမ်းတွေကို စတင်ရှာဖွေနေပြီး စစ်ပွဲပြီးဆုံးဖို့အတွက် အီရန်အစိုးရအနေနဲ အချက်ခြောက်ချက် အဓိက လိုအပ်မယ်လို့ Axios သတင်းဌာနက မတ်လ ၂၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်အရာရှိတွေက စစ်ပွဲပြီးဆုံးရေးအတွက် အီရန်အစိုးရဟာ ဒုံးကျည်အစီအစဉ်ကို ငါးနှစ်ကြာ ရပ်ဆိုင်းထားဖို့၊ ယူရေနီယမ် သန့်စင်မှုကို ရပ်တန့်ဖို့၊ နာတန့်ဇ်၊ အစ်စဖာဟန်နဲ့ ဖော့ဒိုးရှိ ဓာတ်ပေါင်းဖိုတွေကို ပိတ်ပစ်ဖို့၊ နျူကလီးယားနည်းပညာကို ပြင်ပမှ တင်းကျပ်စွာ စောင့်ကြည့်တာကို လက်ခံဖို့၊ ဒေသတွင်း ဒုံးကျည်တွေကို ၁,၀၀၀ အထိ ကန့်သတ်ဖို့နဲ့ ဟစ်ဇ်ဘိုလာ၊ ဟူသီ (အန်ဆာရာလာ) နဲ့ ဟားမားစ်တို့ကို ထောက်ပံ့မှု ရပ်ဆိုင်းဖို့တို့ ဖြစ်တယ်လို့လည်း သတင်းက ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် အီရန်အစိုးရကလည်း အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစကား လုံးဝမပြောနိုင်ဘူးလို့ ပြောခဲ့တာကြောင့် စစ်ပွဲပြီးဆုံးရေး အလှမ်းဝေးနေပါသေးတယ်။
Ref- DW News
