၂၁.၃.၂၀၂၆
Written by Linn Eain
လားရှိုးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ် မှ အမျိုးသားနှစ်ဦးထံတွင် သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းမိခဲ့ပြီး ကွင်းဆက်အရ စမ်းချောင်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် သယ်ဆောင်ခိုင်းသူကို Happy Water များဖြင့် ထပ်မံဖမ်းမိခဲ့ကြောင်း CCDAC Myanmar မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက်၊ နံနက် ၉ နာရီခန့်က သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လားရှိုးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် YUTONG အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များဖြစ်ကြသည့် လားရှိုးမြို့၊ မြန်မာခါးရိုးရပ်ကွက်နေ ပိုင်ရဲထွန်း၊ ဇော်ရှိုင်းနှင့် မင်္ဂလာဒုံမြို့နယ်နေ ဝင်းဇော်ဇော်တင်တို့ထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၅ ဒသမ ၂၃၅ ကီလို (ဒေသကာလတန်ဖိုးငွေကျပ် ၆,၂၈၂ သိန်း)၊ ကက်တမင်း အလေးချိန် ၂၀၀ ဂရမ် (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ မတ် ၁၇ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ လားရှိုးမြို့၊ သီရိမဟာရပ်ကွက်နေ ငြိမ်းထွန်းဦးအား စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၄၀ ဂရမ် (ဒေသကာလတန်ဖိုးငွေကျပ် ၁၂ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပိုင်ရဲထွန်း(၂၁)နှစ်၊ ဇော်ရှိုင်း(၂၀)နှစ်၊ ဝင်းဇော်ဇော်တင်(၄၂)နှစ်နှင့် ငြိမ်းထွန်းဦး(၃၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။
