သက်တံ့
၁၉. ၃. ၂၀၂၆
အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်များတွင် မဟာဘွဲ့ (Master’s Degree) တက်ရောက်လိုသည့် မြန်မာကျောင်းသားများအတွက် ၂၀၂၇ ပညာသင်နှစ် Fulbright နိုင်ငံခြားကျောင်းသား ပညာသင်ဆု (Fulbright Foreign Student Program) လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပညာသင်ဆုသည် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ပညာရေးဖလှယ်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး အရည်အချင်းအပေါ် အခြေခံသည့် ပွင့်လင်းမြင်သာသော ပြိုင်ပွဲမှတစ်ဆင့် ရွေးချယ်သွားမည်ဖြစ်သည်။
လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး ဘွဲ့တစ်ခုရရှိထားကာ ပညာရေးမှတ်တမ်း ကောင်းမွန်သူဖြစ်ရမည်။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအနေဖြင့် TOEFL (iBT) ၉၀ မှတ် သို့မဟုတ် (Paper-based) ၅၇၅ မှတ် ရရှိထားသူများကို ဦးစားပေးမည်ဖြစ်သော်လည်း၊ တရားဝင်အမှတ်မရှိသေးသူများအနေဖြင့် အမေရိကန်သံရုံးက စစ်ဆေးမည့် အရည်အချင်းစစ်စာမေးပွဲ (Screening Test) ကို ဖြေဆိုနိုင်ကြောင်း သိရသည်။
ထို့အပြင် ခေါင်းဆောင်မှုစွမ်းရည်ရှိသူ၊ အမေရိကန်လူနေမှုဘဝနှင့် လိုက်လျောညီထွေနေထိုင်နိုင်သူနှင့် သင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံသို့ ပြန်လည်အကျိုးပြုမည့်သူများကို အဓိကထား ရွေးချယ်သွားမည်ဖြစ်သည်။ မည်သည့် ဘာသာရပ်နယ်ပယ်မှမဆို လျှောက်ထားနိုင်သော်လည်း နည်းပညာနှင့် ဒေတာသိပ္ပံ (AI နှင့် Data Science)၊ ဆိုက်ဘာလုံခြုံရေး (Cybersecurity နှင့် ဒစ်ဂျစ်တယ် အုပ်ချုပ်ရေး)၊ စီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး (Public Policy၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် လုပ်ငန်းရှင်စိတ်ဓာတ် (Entrepreneurship))၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး (ကူးစက်ရောဂါဗေဒ (Epidemiology) နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး)၊ ပညာရေး (STEM Education နှင့် သက်မွေးပညာ (TVET)) တို့ကို ဦးစားပေးစဉ်းစားသွားမည်ဖြစ်သည်။
Fulbright ပညာသင်ဆုသည် ကျောင်းလစာ၊ နေထိုင်စားသောက်စရိတ်၊ လစဉ်ထောက်ပံ့ကြေး၊ ကျန်းမာရေးအာမခံနှင့် လေယာဉ်လက်မှတ်စရိတ်များအပြင် စာအုပ်စာတမ်းစရိတ်များကိုပါ အပြည့်အဝ လွှမ်းခြုံပေးထားသည်။ သို့သော် ပညာသင်ဆုရရှိသူများသည် သင်တန်းပြီးဆုံးပါက မိမိတို့နိုင်ငံသို့ အနည်းဆုံး ၂ နှစ် ပြန်လည်နေထိုင်ရမည်ဟူသော J-visa သတ်မှတ်ချက်ကို လိုက်နာရမည်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးအဆင့် ရွေးချယ်ခံရခြင်းနှင့် ခရီးသွားလာခွင့်ရခြင်းတို့သည် အမေရိကန်သို့ ဝင်ရောက်ခွင့်နှင့် ခရီးသွားလာခွင့်ဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိအပေါ် မူတည်မည်ဖြစ်ကြောင်းနှင့် ပညာသင်ဆုရရှိသူများ၏ မိသားစုဝင်များ (Dependents) အနေဖြင့် အမေရိကန်သို့ လိုက်ပါခွင့် ရမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။
အထူးသတိပေးချက်အနေဖြင့် လျှောက်လွှာတင်ရာတွင် AI (Generative AI) အသုံးပြုပြီး ရေးသားထားသော အကြောင်းအရာများကို တိုက်ရိုက်ကူးယူဖော်ပြခြင်းမျိုး မပြုလုပ်ရန်နှင့် ထိုသို့ပြုလုပ်ပါက ကျောင်းဝင်ခွင့်အပေါ် ဆိုးကျိုးသက်ရောက်နိုင်ကြောင်း အသိပေးထားသည်။
စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် (မြန်မာစံတော်ချိန် ည ၁၁:၅၉ နာရီ) နောက်ဆုံးထားပြီး https://apply.iie.org/ffsp2027 မှတစ်ဆင့် အွန်လိုင်းဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
