သက်တံ့
၁၉. ၃. ၂၀၂၆
အီကွေဒေါနိုင်ငံရဲ့ အကြီးဆုံး မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေထဲကတစ်ခုဖြစ်ပြီး အီကွေဒေါသမ္မတလောင်းကို လုပ်ကြံမှုနဲ့ အလိုရှိနေတဲ့ Los Lobos ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို မက္ကဆီကိုနိုင်ငံရဲ့မြို့တော် မက္ကဆီကိုစီးတီးမှာ ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Lobo Menor ဆိုတဲ့ အမည်ဝှက်နဲ့ လူသိများတဲ့ Ángel Esteban Aguilar Morales ဟာ ၂၀၂၃ ခုနှစ်က သမ္မတလောင်း Fernando Villavicencio ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်နွှယ်ပြီး အလိုရှိနေသူဖြစ်ကြောင်း အီကွေဒေါ ပြည်ထဲရေးဝန်ကြီး John Reimberg က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Aguilar ဟာ ကိုလံဘီယာနိုင်ငံသား အမည်အတုကို အသုံးပြုပြီး အထောက်အထားစာရွက်စာတမ်းတွေ ရယူထားခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မက္ကဆီကို လုံခြုံရေးဝန်ကြီး Omar Garcia Harfunch ကတော့ Aguilar ဟာ Interpol (အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့) ရဲ့ အနီရောင်အဆင့် အဝေးရောက်ဝရမ်း (Red Notice) ထုတ်ပြန်ခံထားရသူဖြစ်ပြီး မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေညှစ်မှုနဲ့ လူသတ်မှုတွေနဲ့ ဆက်နွှယ်နေသူဖြစ်တယ်လို့ ပြောပါတယ်။
ကိုလံဘီယာသမ္မတ Gustavo Petro ကတော့ သူ့ကို “ကမ္ဘာ့နာမည်အကြီးဆုံး လူသတ်သမားတွေထဲက တစ်ယောက်” လို့ တင်စားပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး Petro က “ဒီရလဒ်ဟာ နယ်စပ်ဖြတ်ကျော် ဂိုဏ်းစတား ရာဇဝတ်အုပ်စုတွေကို အကြီးအကျယ် ထိုးနှက်လိုက်တာဖြစ်သလို ရာဇဝတ်ဂိုဏ်းတွေ တိုက်ဖျက်ရေးမှာ ကိုလံဘီယာ၊ အီကွေဒေါနဲ့ မက္ကဆီကို သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့ ထိရောက်မှုကိုလည်း သက်သေပြလိုက်တာပဲ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
Aguilar ကို ဖမ်းဆီးရာမှာ အီကွေဒေါ ရေတပ်၊ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ ပူးပေါင်းပါဝင်တဲ့ စစ်ဆင်ရေးတစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ မက္ကဆီကို လုံခြုံရေးဝန်ကြီးက ဆိုပါတယ်။
အမျိုးသားလွှတ်တော်အမတ်နဲ့ သတင်းထောက်ဟောင်းတစ်ဦးဖြစ်ပြီး သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Villavicencio ဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လက အီကွေဒေါရဲ့ မြို့တော် ကီတို (Quito) မှာ ကျင်းပတဲ့ မဲဆွယ်စည်းရုံးရေးပွဲကအထွက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။ တစ်နှစ်အကြာမှာတော့ အဲဒီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး Los Lobos ဂိုဏ်းနဲ့ ဆက်နွှယ်သူ ၅ ဦး (အဲဒီအချိန်က ဂိုဏ်းခေါင်းဆောင်လို့ ယူဆရသူ Carlos Angulo အပါအဝင်) ထောင်ဒဏ် အပြစ်ပေးခံခဲ့ရပါတယ်။
The Invisible လို့ လူသိများတဲ့ Carlos Angulo ဟာ သမ္မတလောင်းလုပ်ကြံခံရတဲ့ အဲဒီအချိန်က တခြားရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတာဖြစ်ပေမယ့် သူအဖမ်းခံထားရတဲ့ ကီတို အကျဉ်းထောင်ထဲကနေ ဒီလုပ်ကြံမှုကို အမိန့်ပေးခဲ့တာဖြစ်တယ်လို့ တရားလိုဘက်က စွပ်စွဲခဲ့ပေမဲ့ သူကတော့ ငြင်းဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ Los Lobos ဂိုဏ်းဟာ “အီကွေဒေါပြည်သူတွေကို အကြမ်းဖက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်” လို့ စွပ်စွဲကာ ပြီးခဲ့တဲ့နှစ်က နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဂိုဏ်းဟာ မက္ကဆီကိုက သြဇာကြီးတဲ့ Jalisco New Generation ကာတဲလ် (Cartel) နဲ့လည်း နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်မှုရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကိုကင်း အများဆုံးထုတ်လုပ်တဲ့ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံကြားမှာ ညပ်နေတဲ့ အီကွေဒေါရဲ့ ပထဝီဝင် အနေအထားဟာ သူ့ကို တရားမဝင် မူးယစ်ဆေးဝါးတွေ ဖြတ်သန်းရာ အဓိက လမ်းကြောင်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ ကိုလံဘီယာနဲ့ ပီရူးက ထွက်သမျှ ကိုကင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ အီကွေဒေါကို ဖြတ်ပြီး တင်ပို့နေရတာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။
Ref : BBC
