၁၉. ၃. ၂၀၂၆
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၄ သန်းထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုဘဏ္ဍာနှစ်အတွင်း ဒေါ်လာဘီလျံ ၁,၃၆၀ ကျော် (ဒေါ်လာ ၁ ဒသမ ၃၆ ဘီလျံကျော်) ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ထို့အတူ အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၁၁၅ သန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၁၃၆ သန်းနှင့် ဇန်ဝါရီလတွင် ဒေါ်လာ ၉၅ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၁၁၈ သန်းနှင့် မတ်လအတွင်း ယခုရောင်းချပေးမှုအပါအဝင် သုံးကြိမ်ရောင်းချပေးမှု ဒေါ်လာ ၉၆ သန်းအထိ ရောင်းချပေးထားသည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၈၃၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၉၃၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၃,၂၀၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃,၅၆၀ ကျပ်ဖြစ်ပေါ်လျက်ရှိပြီး ယခင်တစ်ပတ်ထက် ဓာတ်ဆီတစ်လီတာ ၄၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၈၀ ကျပ် မြင့်တက်ခဲ့သည်။
ကမ္ဘာနှင့်အဝှမ်းရင်ဆိုင်နေရသော စက်သုံးဆီအခက်အခဲများကြောင့် မြန်မာနိုင်ငံတွင်လည်း အမေရိကန်၊ အစ္စရေးနှင့် အီရန်နိုင်ငံတို့ စစ်ရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သော ဖေဖော်ဝါရီ ၂၈ ရက်နှင့် နှိုင်းယှဉ်ပါက သုံးပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၄၅၀ ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၆၈၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။



