၁၉.၃.၂၀၂၆
Written by Linn Eain
၅၂ နှစ်မြောက် မွန်ပြည်နယ်နေ့မှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၀ိုင်းဝန်းတည်ဆောက်နိုင်ကြပါစေကြောင်း ပြည်ခိုင်ဖြိုးပါတီက ၅၂ နှစ်မြောက် မွန်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
အဆိုပါသဝဏ်လွှာတွင် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့မှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်နိုင်ကြပါစေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက အလေးအနက်ထား ဆန္ဒပြုလျက် သဝဏ်လွှာ ပေးပို့အပ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


မတ် ၁၉ ရက်တွင် ကျရောက်သည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့သည် မွန်လူမျိုးတို့အတွက် ထူးခြားလေးနက်သည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ကြောင်း၊ မွန်တိုင်းရင်းသားများသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဘာသာစကားတိုဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက နေထိုင်လာခဲ့ကြသူများဖြစ်ပြီး မွန်တိုင်းရင်းသားများနှင့်အတူ ဗမာ၊ ကချင်၊ ကရင်၊ ချင်း၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် အတူတကွ စုပေါင်းနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ယနေ့အချိန်အခါသည် နိုင်ငံတော်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်ထားရှိဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးခဲ့ပြီးဖြစ်ကာ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်အစည်းအဝေးများမှ ပေါ်ထွက်လာမည့်အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် မွန်ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြည်ခိုင်ဖြိုးပါတီက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး ခရိုင် (၄) ခု၊ မြို့နယ် (၁၀) မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဘင်္ဂလားပင်လယ်အော်၊ မုတ္တမကွေ့နှင့် ထိုင်းနိုင်ငံတို့ဖြင့် ဆက်စပ်လျက်ရှိပြီး ရေလမ်း၊ ကုန်းလမ်းဆုံရာ အချက်အချာနေရာတွင်တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ရာသီဥတုမျှတကောင်းမွန်ပြီး တောတောင်မြစ်ချောင်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများ၊ သမိုင်းယဉ်ကျေးမှု အမွေအနှစ်များ ရှိသည့်အပြင် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသည့်အတွက် မြေသယံဇာတများ၊ ရေသယံဇာတများ၊ စက်မှုကုန်ကြမ်းထွက်ကုန်များ ကြွယ်ဝပြီး ဂုဏ်ယူဖွယ်ရာ သာယာလှပသည့် ပြည်နယ်တစ်ခုလည်းဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
၁၉၇၄ခုနှစ်၊ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၀)၊ ပုဒ်မခွဲ(ဂ)တွင် တနင်္သာရီတိုင်း အမှတ်(၁) အား မွန်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီး အတည်ပြုပြဋ္ဌာန်းခဲ့ကြရာ ဖွဲစည်းပုံ အခြေခံဥပဒေ(မူကြမ်း)တွင် မွန်ပြည်နယ်အဖြစ် စတင်ရေးဆွဲဖွဲစည်းခဲ့သည့် ၁၉၇၄ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့အား မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်မှာ ယနေ့ အချိန်တွင် (၅၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
