၁၉.၃.၂၀၂၆
Written By Thandar
Lucky 10 Production က ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ “တန်တယ်” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show အခမ်းအနားကို မတ်လ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီတန်တယ်ဆိုတာက ဘယ်လိုလဲဆိုတော့ ဥပမာ – ကိုယ်က မိန်းကလေးတစ်ယောက်အပေါ်မှာ လုပ်ပေးလိုက်တာ၊ ချစ်ပေးလိုက်ရတာအတွက် ဘာပဲဖြစ်ဖြစ် ယောကျ်ားလေးက ပေးဆပ်တဲ့အနေနဲ့ တန်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဒီကားလေးကတော့ ပရိသတ်တွေစိတ်လှုပ်ရှားရမယ့် အချစ်၊ အမုန်း၊ လောဘနဲ့လှည့်စားမှုတွေ ပါတဲ့ကားလေးပါ။ ကျွန်တော့်အနေနဲ့ မေနဲ့သေချာလေး ညှိနှိုင်းပြီးတော့ ရိုက်ခဲ့တဲ့ကားမို့ တော်တော်လေးလည်း Chemistry မိခဲ့ပါတယ်။ အိမ်ထောင်ရေးကိုမှ အချစ်ဒရာမာပုံစံလေးမို့ ပရိသတ်တွေလာ ကြည့်ရင် အကြိုက်တွေ့စေမယ့် ကားလို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်”လို့ အကယ်ဒမီ အေးချမ်းမောင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း နှင်းဇင်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ Art ဒါရိုက်တာ နေသူရိန်၊ တွဲဖက်ဒါရိုက်တာ သားငယ်၊ DOP မင်းမင်းကျော်၊ ဒါရိုက်တာ စိုးမိုးမင်းက ဖြစ်ရပ်မှန် အချစ်၊ အမုန်း၊ လောဘနဲ့ လှည့်စားမှုတွေဖန်တီးပုံဖော်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ အေးချမ်းမောင်၊ မေဂရေ့စ်၊ အကယ်ဒမီရဲအောင်၊ လင်းဇာနည်ဇော်၊ မင်းဟိဏ်း၊ မင်းသူ၊ ကျော်ထက်၊ ဟိန်းသီဟ၊ ထွန်းပုလဲရတနာ၊ ချစ်ခွန်းချို၊ ရှင်ပြုံးခင်၊ ဧည့်သည်သရုပ်ဆောင် ဘုန်းလျှံ၊ ခင်လွှမ်း၊ ပက်စီတို့ ပါဝင်ထားကြပါတယ်။
ဖြစ်ရပ်မှန် အချစ်ဒရာမာဇာတ်လမ်းဖြစ်တဲ့ “တန်တယ်” ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန် မတ်လ ၂၀ ရက်နေ့က စတင်ပြီး မြန်မာတစ်နိုင်ငံလုံး ရုံတင်ပြသမှာဖြစ်ပါတယ်။
#အေးချမ်းမောင် #AyeChanMg #မေဂရေ့စ် #MayGrace #လင်းဇာနည်ဇော် #ထွန်းပုလဲရတနာ #ကျော်ထက် #စိုးမိုးမင်း #ဒါရိုက်တာ #တန်တယ်ရုပ်ရှင်ဇာတ်ကားကြီး #ဖြစ်ရပ်မှန်









