◾️ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်ဆူပူမှုများချုပ်ငြိမ်းပြီး စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးမှာ အလွန်အရေးကြီးလှကြောင်းပါ တိုက်တွန်း ပြောကြား
၁၉. ၃. ၂၀၂၆
Written by Nyein Kyaw
တရားမျှတမှုရှိသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီး လွှတ်တော်အစည်းအဝေးများ အစီအစဉ်အတိုင်း ဆောင်ရွက်နေ၍ မကြာမီ နိုင်ငံတော်သမ္မတအသစ် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တစ်ရပ် ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်သူများ၏ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ လျှောက်လှမ်းနေချိန်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ် လိုအပ်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အတွက် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ အောင်မြင်စွာ ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်တွင် ပြည်သူ့လွှတ်တော်၊ မတ်လ ၁၈ ရက်တွင် အမျိုးသားလွှတ်တော်တို့ကို ခေါ်ယူကျင်းပလျက်ရှိပြီး နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများအပါအဝင် လွှတ်တော်အစည်းအဝေးများကို အစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း နိုင်ငံတော်သမ္မတအသစ် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တစ်ရပ် ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် သမိုင်းကြောင်းသင်ခန်းစာများအရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အလွန်ပင်အရေးကြီးလှကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူ အားလုံးသည် ပြည်ထောင်စုအတွင်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးမှာ အလွန်အရေးကြီးလှကြောင်း ယာယီသမ္မတက တိုက်တွန်းမှာကြားသည်။
ထို့အပြင် တိုင်းရင်းသား ပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့်လည်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ ပြည်နယ်သူ ပြည်နယ်သားများ၏အကျိုးစီးပွားနှင့် နိုင်ငံနှင့် ပြည်သူ အားလုံးတို့၏ ကောင်းကျိုးကို ထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
