၁၉.၃.၂၀၂၆
Written by Thiri
လမ်းဘေး မြက်ခြောက်တွေ မီးရှို့ထားတာကနေ မီးခိုးတွေနဲ့ မြင်ကွင်းမရှင်းရာက ရန်ကုန် – ဓနုဖြူ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဒီနေ့ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်အပိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။
အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ် ဖြစ်ပွားတာက ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအနီးမှာဖြစ်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးလုံးပေါ်က ခရီးသည်တွေ ထိခိုက်မှုမရှိခဲ့ဘဲ ဆန့်ကျင်ဘက်လားရာကို ဦးတည်ထားတဲ့ ယာဉ်တွေက အပေါ်ယာဉ်ကြောပေါ် နှစ်ဖက်စလုံးကနေ တက်မောင်းရင်း ဖြစ်ပွားတာမို့ ယာဉ်မောင်းဘက်အခြမ်း ချင်းချင်း ထိခိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ယာဉ်မောင်းနှစ်ဦးအနက် တစ်ဦးမှာ ယာဉ်အတွင်းညပ်နေလို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေက အန္တရာယ်ကင်းစွာ ကူညီ ကယ်ဆယ်ပေးခဲ့ပြီး ဓနုဖြူဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။




